CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇

အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီရဲ့ ပေါင် ၂၆ သန်းတန်ကြေးရှိတဲ့ ဘာစီလိုနာဟိုတယ်ကို မြို့စံနှုန်းနဲ့ မကိုက်ညီလို့ဆိုပြီး ဖြိုချဖျက်ဆီးဖို့ အမိန့်ပေးခြင်း ခံထားရတယ်လို့ The Sun က ဖော်ပြပါတယ်။

တပတ်လုပ်ခ ပေါင် ၆ သိန်း ၅ သောင်း ရရှိနေတဲ့ မက်ဆီရဲ့ ဟိုတယ်မှာ အိပ်ခန်းပေါင်း ၇၇ ခန်း ပါဝင်ပါတယ်။ မက်ဆီရဲ့ ကြယ် ၄ ပွင့်ရှိတဲ့ ဟိုတယ်ဟာ သူ ဘာစီလိုနာအသင်းမှာ နေထိုင်ခဲ့တဲ့ ကိုယ်ပိုင်အိမ်နဲ့လည်း မနီးမဝေးမှာ တည်ရှိနေတာ ဖြစ်ပြီး သူအနှစ်သက်ဆုံး လည်ပတ်စရာတွေထဲက တစ်ခုလည်း ဖြစ်ခဲ့တာပါ။

EI Confidencial ကတော့ ဒါကို ဖြိုချဖျက်ဆီးဖို့အတွက် တရားရုံးက အမိန့်ကို လောလောဆယ် ဆိုင်းငံ့ထားတယ်လို့ ဖော်ပြ ခဲ့ပါတယ်။ သူတို့ဟာ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မက်ဆီကို ချဉ်းကပ်ခဲ့ပေမယ့် သူရော သူ့အဖွဲ့ပါ ဒါကို ပြောဖို့ မဆုံး ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Majestic Hotel အစုအဖွဲ့နဲ့အတူ အိုင်ဘစ်ဇာနဲ့ မာဂျော့ကာမှာရှိတဲ့ ဟိုတယ်ကို ပိုင်ဆိုင်တဲ့ မက်ဆီ ဟာ ဒီဟိုတယ်ကို ၂၀၁၇ ခုနှစ်က ပေါင် ၂၆ သန်းနဲ့ ဝယ်ယူခဲ့တာပါ။

ပုံ- ဖြိုချခံရဖွယ်ရှိတဲ့ မက်ဆီပိုင်တဲ့ ဟိုတယ်။ (The Sun)

Sitges Town Hall ဟာ အဆောက်အဦ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် ဖြိုချဖျက်ဆီးဖို့ အမိန့်ပေးထားတာ ကို မက်ဆီက မသိဘဲ ဝယ်ယူခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

လသာဆောင်တွေ ကြီးမားလွန်းတာဟာ ဒီပြဿနာတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟိုတယ်ရဲ့ မီးဘေး အရေးပေါ် အစီအစဉ်ကလည်း အာဏာပိုင်တွေထံမှာ မအောင်မြင်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြခဲ့တာပါ။

မက်ဆီကလည်း ဒါကို ဖြိုချဖျက်ဆီးဖို့ အမိန့်ပေးထားတာကို သိရှိရတယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။ ဒီဟိုတယ်က စံသတ်မှတ်ထားတဲ့ အခန်းမှာ တည်းခိုမယ်ဆိုရင် တစ်ညကို ပေါင် ၁၀၅ ဝန်းကျင် ကုန်ကျဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။ မက်ဆီကတော့ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာနဲ့ စာချုပ် ကုန်ဆုံးပြီးနောက် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တာပါ။

ဒါပေမယ့် မက်ဆီဟာ အသင်းသစ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းမှာ အသားကျဖို့ ရုန်းကန်နေရပြီး ၁၃ ပွဲပါဝင် ကစားထားပြီး တော့ ၄ ဂိုး သွင်းယူထားပါတယ်။ အာဂျင်တီးနား ကစားသမားဟာ မကြာသေးခင်ကမှ ဘောလွန်းဒီအောဆုကို စံချိန်တင် ၇ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: The Sun