၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅

ရိုးမား အသင်းနည်းပြ မော်ရင်ဟိုက အင်တာမီလန်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေဖို့ ငြင်းဆန်ခဲ့ပြီး အကြောင်းပြချက်ကတော့ မင်းတို့ထက် ဝင်ငွေပိုရလို့ပဲလို့ ပြောလိုက်ပါတယ်။

ရိုးမားအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အင်တာမီလန် အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါ တယ်။ မော်ရင်ဟိုက မန်နေဂျာဖြစ်ရတာဟာ သတင်းစာပညာထက် ပိုခက်ခဲပြီး လစာလည်း ပိုရတယ်လို့ ပြောခဲ့တာပါ။

မော်ရင်ဟိုဟာ သတင်းစာရှင်းလင်းပွဲမှာ သူ့အသင်း စွမ်းဆောင်ရည်ကို ဖြေကြားရမယ့်အစား အတိုချုံးပဲပြောပြီး သတင်းစာ ရှင်းလင်းပွဲကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ၂ ပွဲဆက် အရေးနိမ့်ခဲ့တာဖြစ်ပြီး ဂိုးပေါက်လည်း ပျောက် ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ပုံ- မော်ရင်ဟိုကိုတွေ့ရစဉ်။ (Football Italia)

မော်ရင်ဟိုက မေးခွန်းစတင်မေးဖို့ ကြိုးစားခဲ့တဲ့ ပထမဆုံး သတင်းထောက်တစ်ဦးကို “မင်းတို့ရဲ့ အလုပ်က ငါတို့အလုပ်ထက် အများကြီး ပိုလွယ်ကူပါတယ်။ အဲ့ဒါကြောင့်လည်း ငါတို့က မင်းတို့ထက် လုပ်ခလစာ အများကြီး ပိုရတာပေါ့”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုက “သူတို့မေးခွန်းတွေကို စိတ်ဝင်စားနိုင်တဲ့ အိမ်မှာရှိတဲ့သူတွေကို ဒီစတူဒီယိုကနေ တောင်းပန်ပါတယ်။ အင်တာမီလန်ဟာ ပုံမှန်အခြေအနေမှာ ကျနော်တို့ထက် အများကြီး ပိုကောင်းပါတယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေမှာ လည်း သူတို့က ကျနော်တို့ထက် အများကြီး ပိုသန်မာပါတယ်။ ပြီးခဲ့တဲ့ရာသီကဆိုရင် သူတို့ဟာ ရိုးမား ထက် ၂၉ မှတ်တောင် အသာရခဲ့တာပါ။ ဒီပွဲမှာ ဒဏ်ရာရ ကစားသမားတွေနဲ့ ပွဲပယ်ခံရတဲ့သူတွေရှိလို့ အလွန်ခက်ခဲပါ တယ်။ ကျနော်တို့ရဲ့ တိုက်စစ် စွမ်းဆောင်ရည်က လက်တွေ့မှာ မရှိသလောက်ပါပဲ”လို့ ပြောခဲ့တာပါ။

ရိုးမားအသင်းဟာ ဒီပွဲ အရေးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာက အေစီမီလန်အသင်းနဲ့ ၁၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့တာလည်း ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ကြားရက်မှာ ယူရိုပါကွန်းဖရန့်စ် လိဂ်ပွဲစဉ်အဖြစ် CSKA အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ စီးရီးအေ ပွဲစဉ်အဖြစ် စပီဇီယာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal