CNI Sport Article

၂၀၂၃ ခုနှစ်၊ မေလ ၂၁

ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ လေဗာကူ ဆင် အသင်းနဲ့ ဂိုးမရှိ သရေကစားပြီး နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရကာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။

ဒါဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာ ရိုးမားအသင်း ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ၂ နှစ် ဆက်တိုက် တက်နိုင် ခဲ့တာပဲ ဖြစ်ပါတယ်။

စပါယ်ရှယ်ဝမ်းလို့ လူသိများတဲ့ မော်ရင်ဟိုဟာ ရိုးမားအသင်းကို ပထမဆုံး ကိုင်တွယ်တဲ့ ရာသီမှာ ယူရိုပါ ကွန်းဖရန့်စ်လိဂ် ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီပြိုင်ပွဲရဲ့ ပထမဆုံး ချန်ပီယံအသင်း အဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့တာပါ။ မော်ရင်ဟို ရိုးမား အသင်းကို မရောက်ခင်တုန်းက ဥရောပဖလားပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲနဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ ဝေးကွာခဲ့ပြီး ဆု ဖလား ရခဲ့တာကတော့ ၁၉၆၀-၆၁ ရာသီက ဖြစ်ပါတယ်။

အခုတော့ ရိုးမားအသင်းဟာ ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ၂ နှစ်ဆက်တောင် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါ တယ်။

ဒါဟာ မော်ရင်ဟိုရဲ့ သက်ရောက်မှုဖြစ်ပြီး ပေါ်တူဂီ လူမျိုးနည်းပြဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေက တချို့ကို ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုရအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ ဂုဏ်ပုဒ်မျိုးကို ရိုးမားအသင်းမှာ ဆက်ပြီး လုပ်ပြ နေခဲ့တာပါ။

ရိုးမားအသင်း အောင်ပွဲခံနေကြစဉ်

ဒါတောင် မော်ရင်ဟိုဟာ ကစားသမားတွေ ဝယ်ယူဖို့ ရိုးမားအသင်းက ဘတ်ဂျတ် အလုံအလောက် ချပေးခြင်းကို မခံခဲ့ရဘဲ စွမ်းဆောင် ပြနေခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုဟာ နာမည်ကြီး ကစားသမားတွေကို အလွတ်နဲ့ အသင်းဆီ လာရောက်အောင် ဆွဲဆောင်နိုင် ခဲ့တာပါ။

ဒါကတော့ ဒိုင်ဘားလား၊ မာတစ်၊ ဘယ်လော့တီတို့ဖြစ်ပြီး ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဝစ်ချ်နယ်လ်ဒန်း ကိုလည်း အသင်းမှာ အငှားနဲ့ လာရောက်ကစားအောင် ခေါ်ယူနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ ရှိတဲ့အသင်း လူ အင်အားကို လူငယ် ကစားသမားတွေနဲ့ ပေါင်းစပ်ပြီး အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်အောင် တည်ဆောက် ပေးနေခဲ့တာပါ။

လက်ရှိ ရိုးမားအသင်းမှာ ရှိနေတဲ့ ကစားသမားတွေဟာ မော်ရင်ဟို အတွက်ဆို အသေခံပြီး တိုက်ပွဲဝင်မယ့် သူတွေ လည်း ဖြစ်ပါတယ်။

အခြား သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာလည်း မော်ရင်ဟိုအတွက် နေရာပြောင်းပြီးတောင် ကစားပေးတဲ့ သူတွေ အများကြီး ရှိခဲ့တာပါ။

ဒါတွေက နည်းပြလောကမှာ မော်ရင်ဟို အောင်မြင်ခဲ့တဲ့ အကြောင်းအရာတွေဖြစ်ပြီး သူကလည်း ကစားသမား တွေ သူ့အတွက် ကစားပေးချင်စိတ်ရှိအောင် ပြုလုပ်တတ်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လေဗာကူဆင်နဲ့ပွဲမှာ မော်ရင်ဟိုဟာ အသင်းအတွက် အနစ်နာခံပြီး ကစားပေးခဲ့တဲ့ ကစားသမားတွေကို ချီးကျူးမှု ပြုလုပ်သွားခဲ့တာပါ။

ရိုမားအသင်းသားတွေနဲ့ မော်ရင်ဟိုကို တွေ့ရစဉ်

ရိုးမားအသင်းဟာ အရင်က တော့တီတို့ လက်ထက်မှာ နာမည်ကျော်ခဲ့ပေမယ့် နောက်ပိုင်းမှာ အောင်မြင်မှုတွေ လည်း မရတော့လို့ အသင်းပုံရိပ်တွေဟာ ကျဆင်းလာခဲ့ပြီး ဥရောပမှာလည်း ဘာမှမဟုတ်တော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ဟို ရောက်လာပြီးချိန်မှာ သူ့ရဲ့ပုံရိပ်နဲ့အတူ ရိုးမားအသင်းရဲ့ ပုံရိပ်ကလည်း တဟုန်ထိုး တိုးတက် လာတော့တာပါ။

မော်ရင်ဟိုဟာ စပါးအသင်းက လွဲပြီး သူကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ဆုဖလားရအောင် ကိုင်တွယ်တက်တဲ့ အစဉ်အလာကို ရိုးမားအသင်းမှာလည်း ဆက်ထိန်းခဲ့ပြီး ဥရောပမှာလည်း ၂ နှစ်ဆက်တိုက် ချန်ပီယံဆု ရရှိအောင် ကိုင်တွယ်ပေးဖို့ လက်တစ်လှမ်းအကွာကို ရောက်ရှိလာခဲ့ပါတယ်။

ပေါ်တူဂီလူမျိုး အနေနဲ့ ရိုးမားအသင်းအတွက် ယူရိုပါလိဂ်ဖလားသာ ရယူပေးနိုင်ခဲ့မယ်ဆိုရင် အီတလီကလပ်ရဲ့ ဂန္တဝင်အဖြစ် သတ်မှတ်ခံရနိုင်ပေမယ့် သူကတော့ ဒီအရာထက် အသင်းကို အောင်မြင်မှုနဲ့ ပရိသတ်တွေကို ဆု ဖလားနဲ့အတူ ပျော်ရွှင်စေချင်တဲ့ ခံစားချက်တွေသာ ရရှိစေလိုတယ်လို့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်အပြီးမှာ ပြော ထားပါတယ်။

မော်ရင်ဟိုကို တွေ့ရစဉ်

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်က ယူရိုပါကွန်းဖရန့်စ်လိဂ် ရယူပြီးချိန်မှာ မျက်ရည်ကျခဲ့သလို၊ အခုလည်း ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ မျက်ရည် ကျနေခဲ့တာက ရိုးမားအသင်းကို အောင်မြင်မှု ဘယ်လောက်အထိ ရစေချင်လဲဆိုတာ ကို ပေါ်လွင်စေတာပါ။

ဒါပေမယ့် ရိုးမားအသင်းရဲ့ ဘတ်ဂျက် သုံးစွဲမှုအပေါ် မော်ရင်ဟိုက ဝေဖန်မှုတွေ မကြာခဏ ဆိုသလို ပြောနေသလို လက်ရွေးစင်အသင်းတွေနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချိတ်ဆက်မှုတွေကြောင့် အီတလီကလပ်ကို စွန့်ခွာသွားနိုင်တဲ့ အရိပ် အယောင်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားပေမယ့် သူရှိနေတဲ့ အချိန်မှာ ရိုးမားအသင်းကို ဥရောပရဲ့ အသင်းကြီး တစ်သင်းဖြစ်အောင် တည်ဆောက်ပေးနေပြီး ရောမမြို့အထက်မှာ ဥရောပဆုဖလားကြီးနဲ့ နောက် တစ်ကြိမ်ထပ်ပြီး အောင်ပွဲခံနိုင်အောင် နည်းဗျူဟာတွေ ချမှတ်နေပြီလည်း ဖြစ်ပါတယ်။