၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၅

ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးဟာ အရင်က လုပ်ပွဲတွေမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ အတွက် ဘာတွေကို မျှော်လင့်နေရမှာလဲလို့ ဒေါ့မွန် အသင်းကွင်းလယ် ကစားသမား ဘယ်လင်ဂမ်က ပြောလိုက်ပါတယ်။

ဒီပွဲမှာ ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အတွက်  ဂိုးတွေကို လီဝန်ဒေါစကီးက ၂ ဂိုး၊ ကိုးမန်းက ၁ ဂိုး သွင်းယူခဲ့ပြီး ဒေါ့မွန်အတွက်ဂိုးတွေကို ဘရန့်ဒ်နဲ့ ဟာလန်းတို့က သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်ကစားသမားတွေကတော့ ဒီပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အများအပြားကို စိတ်ပျက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

တစ်ဖက် ၂ ဂိုးစီ သရေကျနေပြီး ပွဲကအကြိတ်အနယ်ရှိနေတဲ့ အချိန်မှာ ဒေါ့မွန်အသင်းနောက်ခံလူ ဟမ်းမဲလ် ဂိုးဧရိယာထဲမှာ လက်နဲ့ထိတယ်ဆိုပြီး ဒိုင်လူကြီးက ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပင်နယ်တီကို လီဝန်ဒေါစကီးက အမှား အယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒေါ့မွန်အသင်းကို ၄ မှတ်ဖြတ်ပြီး ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။

ပုံ-ဘိုင်ယန်မြူးနစ်နဲ့ဒေါ့မွန်ပွဲစဉ်(Noticias RCN)

ဘယ်လင်ဂမ်က “ဒါဟာ ကျနော်အတွက်တော့ ပင်နယ်တီ မဟုတ်ဘူးဆိုတာ ခင်ဗျားတို့သိရဲ့လား။ ဟမ်းမဲလ်က ဘောလုံးကို တောင် ကြည့်ခဲ့တာ မဟုတ်ပါဘူး။ သူက ဘောလုံးကိုပဲရဖို့ အာရုံစိုက်နေခဲ့တာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် ဘယ်လင်ဂမ်က “ဒီအချိန်မှာ ဘောလုံးက သူ့ကိုလာထိတာဖြစ်ပြီး သူက ဘောလုံးကို ကြည့်နေတယ်လို့တောင် ကျနော်တော့ မထင်ပါဘူး။ ဒီပွဲရဲ့ ဆုံးဖြတ်ချက် အများအပြားကို ပြန်ကြည့်ရင် ခင်ဗျားတို့သိမှာပါ။ ဂျာမနီရဲ့ အကြီးမားဆုံးပွဲကို ကစားတဲ့အချိန်မှာ လုပ်ပွဲလုပ်ဖူးတဲ့ သူကို တာဝန်ပေးထားပါတယ်။ အဲ့တော့ ကျနော်တို့က ဘာတွေကို မျှော်လင့်လို့ရမှာလဲ” လို့ ပွဲအပြီးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားလည်းဖြစ်သူ ဘယ်လင်ဂမ်ဟာ ၂၀၀၅ ခုနှစ်က ဂျာမန်ဘောလုံးလောကမှာ ဖြစ်ခဲ့တဲ့ လုပ်ပွဲအရှုပ်တော်ပုံကို ရည်ညွှန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဖိလစ်ဇွယ်ယာလို့ခေါ်တဲ့ အဆိုပါ ဒိုင်လူကြီးဟာ ဒိုင်လူကြီးတစ်ဉီးဖြစ်တဲ့ ရော်ဘတ်ဟိုဇာ ဆီကနေ ယူရို ၃၀၀ လက်ခံခဲ့လို့ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တယ်ဆိုပြီး ၆ လ ပွဲပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဟာလန်းကလည်း မာကိုရူးစ်ကို ဖြတ်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပင်နယ်တီရသင့်ကြောင်း ဒိုင်လူကြီးကို ပြောခဲ့ပေမယ့် သူက VAR မကြည့်ခဲ့ဘူး လို့ ပြောခဲ့ပါတယ်။

ဟာလန်းက “ပင်နယ်တီက ရှင်းပါတယ်။ ခင်ဗျားဘာလို့ သွားမကြည့်တာလဲလို့ မေးတဲ့အချိန်မှာ သူက မာနကြီးတဲ့ပုံစံနဲ့ မလိုဘူးလို့ ပြောခဲ့ပါတယ်”လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။

Source:DailyMail