CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူ့နေရာမှာ ရော်နယ်ဒိုနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ AS သတင်းဌာနက ဖော်ပြထားပါတယ်။

လီဝန်ဒေါစကီး ဟာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ပိုလန် တိုက်စစ်မှူးကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း စပိန်ကလပ်ကို ပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်နိုင်သေးတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေအပေါ် အလွန်စိတ်ပျက်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းက ဟာလန်းနဲ့ လီဗာပူးလ်အသင်းက ဒါဝင်နူနက်စ်တို့ကို ခေါ်ယူခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာတော့ ကစားသမားတွေကို ခေါ်ယူဖို့ နှောင့်နှေးနေပါတယ်။

ဒီလို အခြေအနေတွေကြောင့် ရော်နယ်ဒိုဟာဆိုရင် အသင်းကနေ ထွက်ခွာချင်နေပြီလို့ သတင်းတွေ ထွက်ပေါ် နေသလို ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။

 ရော်နယ်ဒို ကိုတွေ့ရစဉ် (Bavarian Football)

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ လိုအပ်တဲ့ ကစားသမားတွေကို မဖြည့်တင်းနိုင်ခဲ့ရင် ချန်ပီယံဆုတွေကို ရယူနိုင်ဖို့ ခက်ခဲသွားမယ်လို့ ရော်နယ်ဒိုက ခံစားမိနေပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းကတော့ ဘွန်ဒစ်လီဂါ ဆုဖလားအတွက် တိုက်ပွဲဝင်နိုင်သလို ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်မယ့် အသင်းတွေထဲမှာလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းကသာ အမှန်တကယ် ကမ်းလှမ်းမယ်ဆိုရင် ရော်နယ်ဒို အနေနဲ့ ငြင်းပယ်ဖို့ ခက်ခဲနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ မကြာသေးခင်က လီဗာပူးလ်တိုက်စစ်မှူး မာနေးကို ခေါ်ယူထားသလို မူလာ၊ ဆာနေး၊ ကိုးမန်းနဲ့ ဂနာဘရီတို့လို တိုက်စစ်အားသန်တဲ့ ကစားသမားတွေ ရှိတာကြောင့် ရော်နယ်ဒို အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ခဲ့ရင် သွင်းဂိုးတွေ အများအပြား သွင်းယူနိုင်ဖို့လည်း စိတ်ပူစရာ မရှိတော့ပါဘူး။

အသက် ၃၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source: ESPN