CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လက်ရွေးစင်အသင်းတွေအနေနဲ့ သူတို့ရဲ့ နောက်ဆုံးလူစာရင်းမှာ ကစားသမားအများဆုံး ၂၆ ဦးအထိ ပါဝင်ဖို့ ဖီဖာက ခွင့်ပြုလိုက်ပါတယ်။

အရင်နိုင်ငံတကာပြိုင်ပွဲတွေမှာ အသင်းတစ်သင်းကို ကစားသမား ၂၃ ဦးသာ ခေါ်ဆောင်ခွင့်ပြုခဲ့ပေမယ့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဦးထပ်တိုးပြီး ခေါ်ဆောင်ခွင့်ရသွားတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက် မှာ စတင်ကျင်းပဖို့ စီစဉ်ထားပြီး ဒီအချိန်ဟာ ပြိုင်ပွဲကျင်းပတဲ့ ပုံမှန်အချိန်မဟုတ်တာကြောင့် အသင်းလူစာရင်းကို ပြောင်းလဲပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖီဖာက ရှင်းပြခဲ့တာဖြစ်ပါတယ်။ကိုဗစ်အခြေအနေကလည်း လူစာရင်း တိုးချဲ့ ရတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တာပါ။

ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ “ထုတ်ပြန်ရမယ့် ကစားသမားစာရင်းမှာ ၃၃ ဦးကနေ အများဆုံး ၅၅ ဦးအထိ တိုးလာပါ တယ်။နောက်ဆုံးစာရင်းမှာ ပါဝင်ရမယ့် ကစားသမားစာရင်းကို ၂၃ ဦးကနေ ၂၆ ဦးအထိ တိုးပေးထားပါတယ်။လူ ၂၆ ဦးထက် မပိုရဘဲ “အသင်းအရန်ခုံတန်းပေါ်မှာ လူစားဝင်မယ့် ကစားသမား ၁၅ ဦး၊အသင်းတာဝန်ရှိသူ ၁၁ ဦး၊ ဒီတာဝန်ရှိသူ ၁၁ ဦးထဲမှာ ၁ ဦးက အသင်းဆရာဝန် ဖြစ်ရမယ်” လို့ ဖော်ပြထားပါတယ်။

ပြိုင်ပွဲဝင်မယ့် အသင်း ၃၂ သင်းဟာ နောက်ဆုံးလူစာရင်းကို ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကစားမယ့် ရက်ပေါင်း ၃၀ အလို အောက်တိုဘာ ၂၀ ရက်မှာ ဖီဖာကို နောက်ဆုံးတင်သွင်းရမှာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဆီနီဂေါနဲ့ နယ်သာလန်အသင်းတို့က စတင်ကစားမှာဖြစ်ပြီး ဒီပွဲပြီးရင် အင်္ဂလန်အသင်းနဲ့ အီရန်အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်မှာ စတင်မယ့် အဖွင့်ပွဲမှာ အဲဒီ ၂ ပွဲအပါအဝင် စုစုပေါင်း ပွဲစဉ် ၄ ပွဲယှဉ်ပြိုင် သွားကြမှာပါ။အဲဒါကတော့ အိမ်ရှင်ကာတာနဲ့ အီကွေဒေါ၊ အမေရိကန်နဲ့ ဝေးလ်စ်ပွဲစဉ်တွေဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ နောက်ဆုံးလူစာရင်းမှာ ရွေးချယ်ခံရတဲ့ ကစားသမားတိုင်း ကွင်းထဲမှာ ရှိသင့်တယ်လို့ ဧပြီလက ပြောခဲ့တာပါ။အခု ဖီဖာရဲ့ထုတ်ပြန်ချက်ဟာ ဆောက်ဂိတ်ရဲ့ဆန္ဒနဲ့ ကိုက်ညီသွားခဲ့တာလည်း ဖြစ်ပါတယ်။

Source:Goal