CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄

မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ဒူးဒဏ်ရာကြောင့် ယာယီနည်းပြသစ် ရက်ဂ်နစ်ရဲ့ ပွဲဦးထွက် ပွဲစဉ်ဖြစ်တဲ့ ပဲလေစ့်နဲ့ပွဲမှာ ပါဝင်ဖို့ မသေချာဘူးလို့ The Sun က ဖော်ပြလိုက်ပါတယ်။

ရော်နယ်ဒိုရဲ့ ဒဏ်ရာပြဿနာဟာ ယာယီနည်းပြသစ် ရက်ဂ်နစ်အတွက် ကြီးမားတဲ့ ထိုးနှက်မှု ဖြစ်လာခဲ့တာပါ။ ရော်နယ်ဒို ဟာ အာဆင်နယ် အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း သတင်းရင်းမြစ်တွေကတော့ ရော်နယ်ဒိုဟာ အာဆင်နယ်အသင်းကို ဂိုးသွင်းပြီးနောက် သူ့ရဲ့ အမှတ်တံဆိပ် အောင်ပွဲခံ ပုံစံဖြစ်တဲ့ ခုန်ပြီး အောင်ပွဲခံရာမှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ပြောထားတာပါ။ ရော်နယ်ဒို ဟာ ပွဲချိန် ၈၈ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ကွင်းထဲကနေ ထွက်ခွာရာမှာ အဆင်မပြေမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ အရန်ခုံတန်းကို မလာတော့ဘဲ အဝတ်လဲခန်းထဲကို တန်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပုံ-ယာယီနည်းပြ ရက်ဂ်နစ်။ (Talk SPORT)

ရော်နယ်ဒိုဟာ ယာယီနည်းပြသစ် ရက်ဂ်နစ်ရဲ့ နည်းဗျူဟာမှာ အံဝင်ခွင်ကျဖြစ်ဖို့ ရုန်းကန်ရနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေကြပေမယ့် နည်းပြကတော့ သူ့ကို ယုံကြည်မှု အပြည့်ရှိနေတာပါ။

ရက်ဂ်နစ်က “အာဆင်နယ်နဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ အသက် ၃၆ နှစ်အရွယ်ရှိ ရော်နယ်ဒိုရဲ့ကစားပုံဟာ အံသြဖို့ကောင်းတဲ့ ထိပ် တန်း ပရော်ဖက်ရှင်နယ် တစ်ဦးပါပဲ။ သူ့လို အသက် အရွယ်မှာ သူ့လိုကြံခိုင်မှုမျိုးနဲ့ ကစားနိုင်တဲ့ ကစားသမားမျိုးကို ကျနော် ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ပါဘူး။သူဟာ ခြားနားမှုတွေကို လွယ်ကူအောင် ပြုလုပ်နိုင်တဲ့ ကစားသမား ဖြစ်နေဆဲပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုသည် အာဆင်နယ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ကစားသမားဘဝ သွင်းဂိုး ၈၀၁ ဂိုးအထိ ရှိသွားခဲ့တာ ဖြစ်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျုဗင်တပ်စ်ကနေ ပြန်လည် ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ ဒီရာသီ မှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ၁၆ ပွဲပါဝင် ကစားထားပြီး ၁၂ ဂိုး သွင်းယူထားတာပါ။ ရော်နယ်ဒိုကတော့ မန်ချက်စတာယူနိုက်တက် အသင်းမှာ နောက်တစ်ကြိမ် အောင်မြင်မှုတွေ ရယူချင်လို့ ပြန်လာခဲ့တာလို့ ပြောထားခဲ့တာ ဖြစ်ပါ တယ်။

Source: The Sun