CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄
ဘာဗာရီယာမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့အတွက် ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီဇင်ဘာလ ၈ ရက်မှာ ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို တံခါးပိတ် ကျင်းပသွားရမှာ ဖြစ်တယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်းတွေ မြင့်တက်နေတာကြောင့် ဘောလုံးပွဲတွေ ကျင်းပတဲ့အခါမှာ ကွင်းထဲကို ပရိသတ် ဦးရေ အများဆုံး ၁၅၀၀၀ သာ ဝင်ရောက်ကြည့်ရှုခွင့်ပြုဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကူးစက်မှု အရေ အတွက် များပြားတဲ့ ပြည်နယ်တွေမှာ ကျင်းပမယ့် အားကစားပွဲတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားတာပါ။
ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ အသင်းတို့ ပွဲမတိုင်ခင် လိုက်ပ်ဇစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုလည်း တံခါးပိတ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းကတော့ အုပ်စု(E)မှာ အုပ်စုဗိုလ်အဖြစ် ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဘင်ဖီကာ အသင်းတို့ထဲက တစ်သင်းကတော့ အုပ်စုဒုတိယနဲ့ နောက်တဆင့် တက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အနေနဲ့ နောက်တဆင့် တက်နိုင်ဖို့ဆိုရင်တော့ ဘိုင်ယန်မြူးနစ် အသင်းကို အနိုင်ရအောင် ကစားဖို့ လိုအပ်ပါတယ်။
ပုံ-ပရိသတ် ရှင်းလင်းနေတဲ့ ဘိုင်ယန်မြူးနစ်ကွင်းကိုတွေ့ရစဉ် ။ (Football Espana)
ဘာစီလိုနာ အနေနဲ့ ဒီပွဲမှာ အနိုင်မရခဲ့ဘူးဆိုရင်တော့ ဘင်ဖီကာနဲ့ ဒိုင်နမိုကိဗ်အသင်းတို့ ပွဲစဉ်ရလဒ်ကို စောင့်ကြည့်ရမှာ လည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ အသင်းတို့ဟာ စက်တင်ဘာလက နူးကမ့်ပ်ကွင်းမှာ တွေ့ဆုံခဲ့တုန်းက ဘိုင်ယန်မြူးနစ် အသင်းက ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီ ၂ သင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့ရာ ဘိုင်ယန်မြူးနစ် အသင်းက ၈ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာလည်း ဖြစ်ပါ တယ်။
ဘာစီလိုနာ အသင်းနည်းပြ ဇာဗီနဲ့ ဥက္ကဋ္ဌ လာပေါ်တာတို့ကတော့ ဘိုင်ယန်မြူးနစ် အသင်းကို အနိုင်ကစားပြီး နောက်တဆင့် တက်နိုင်မယ်လို့ ယုံကြည်နေတဲ့အကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ် ကစားသမား မူလာကတော့ အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို လီဝန်ဒေါစကီး မရရှိခဲ့လို့ ဒေါသထွက်နေပြီး ဘာစီလိုနာ အသင်းကို အနိုင်ရအောင် ကစားပြမယ်လို့ ကြုံးဝါးထားတာပါ။ ဘာစီလိုနာအသင်းဟာ နည်းပြသစ်အဖြစ် ဇာဗီကို ခန့်အပ်ပြီး နောက်ပိုင်းမှာ ရလဒ်တွေ ပြန်လည် ကောင်းမွန်နေတာ ဖြစ်ပါတယ်။
Source: BBC