CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄
မြန်မာလက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးက စင်ကာပူနဲ့ ပွဲစဉ်အတွက် ကစားသမား ၁၄ ဦး ပါဝင်ဖို့ မသေချာဖြစ်နေတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဆူဇူကီးဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် စင်ကာပူအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အသက် ၅၁ နှစ်အရွယ်ရှိ ဂျာမန် လူမျိုးနည်းပြက အသင်းမှာရှိတဲ့ ကစားသမား ၂၇ ဦးမှာ ၄ ဦးက ဒဏ်ရာပြဿနာရှိနေပြီး ၁၀ ဦးက ကိုဗစ် ပြန်စစ်ဖို့ လိုအပ်နေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲ့ဒါကြောင့် မြန်မာအသင်းဟာ ပွဲမတိုင်ခင်တစ်ရက်အလိုမှာ လေ့ကျင့်မှုတွေမပြုလုပ်နိုင်တာဖြစ်ပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ်ဟာ ဒီပြိုင်ပွဲမတိုင်ခင် မြန်မာ့လက်ရွေးစင်အသင်းအတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုကို ကနဦးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အန်တွမ်နီဟေး က “စင်ကာပူနဲ့ပွဲအတွက် ကစားသမား ၁၄ ဦးဟာ ပါဝင်ဖို့ သံသယဖြစ်စရာအနေအထားမှာ ရှိနေတာပါ။ အသင်းမှာ ဂိုးသမား ၄ ဦးအပါအဝင် ၁၃ ဦးသာ ကျန်ရှိပါတော့တယ်။ ကျနော်တို့မှာ ကစားဖို့ အဆင်သင့်ဖြစ်မယ့်သူ အနည်းဆုံးတော့ လုံံလောက်မယ်လို့ မျှော်လင့်ပါတယ်။ သေတော့ မသေချာပါဘူး” လို့ပြောပါတယ်။
ဒါ့အပြင် အန်တွမ်နီဟေး က “ဒါတွေဟာ အကောင်းဆုံးအခြေအနေမဟုတ်ပါဘူး။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးအစွမ်းကုန်ကြိုးစားနေပြီး နောက် ၂၄ နာရီအတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ။ကျနော်တို့သွားနေတဲ့ လမ်းတလျှောက်မှာ အခက်အခဲတွေရှိပါတယ်။ ဒါက အသစ်တစ်ခု စတင်နိုင်ဖို့ တွန်းအားပေးခဲ့တာပါ။ လိဂ်ပြိုင်ပွဲမရှိချိန်မှာ ကစားသမားရှာဖွေဖို့ အလွန်ခက်ပါတယ်။ မေလမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားဖို့ အသင်းကိုတည်ဆောက်ခဲ့ပြီး ပြိုင်ဘက်တွေကို မယှဉ်ပြိုင်နိုင်ပေမယ့် သင်ခန်းစာယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ ပတ်အတွင်းမှာလည်း အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
အိမ်ရှင်စင်ကာပူအသင်းနဲ့ပတ်သက်ပြီးတော့လည်း ဂျာမန်နည်းပြက အိမ်ရှင်ပရိသတ်တွေရဲ့ရှေ့မှောက်မှာ ကစားရပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။ မြန်မာအသင်းဟာ ဆူဇူကီး ဖလားပြိုင်ပွဲရဲ့ အုပ်စု(A)မှာ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော တို့နဲ့ တအုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ၂၀၁၈ က ကစားခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
Source: Straitstimes