CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅

ဖခင်နဲ့မိထွေးတို့က သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ အသက် ၆ နှစ်အရွယ်ကလေးငယ်အတွက် ဗြိတိန်တစ်ဝှမ်းမှာ ကျင်းပခဲ့တဲ့ ဘောလုံးပွဲတွေမှာ ဝမ်းနည်းကြောင်း ပြသတဲ့ အနေနဲ့ ပွဲချိန် ၆ မိနစ်အရောက်မှာ လက်ခုပ်တီးခဲ့ကြတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

အာသာလာဘင်ဟုချ်ကို သတိရအောက်မေ့တဲ့ အနေနဲ့ နိုင်ငံတစ်ဝှမ်းရှိတဲ့ အားကစားကွင်းတွေမှာ ပရိသတ်တွေဟာ စည်းစည်းလုံးလုံးနဲ့ လက်ခုပ်တီးခဲ့ကြတာ ဖြစ်ပါတယ်။ အာသာရဲ့ တိုတောင်းတဲ့ ဘဝအတွက် ပွဲကစားချိန် ၆ မိနစ် အရောက်မှာ ၁ မိနစ်ကြာ ပရိသတ်တွေက လက်ခုပ်တီးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီး၊ ကိုဗင်ထရီနဲ့ ဝက်စ်ဘရွမ်းတို့ ကစားခဲတဲ့ လိဂ်ပွဲစဉ်တွေမှာ စတင်လက်ခုပ်တီးခဲ့ကြတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အဆိုပါ ဘာမင်ဂမ်စီးတီး ပရိသတ်လေးရဲ့ပုံကို သူတို့ရဲ့ ကြီးမားတဲ့ ဖန်သားပြင်ကြီးပေါ်မှာ ပြသခဲ့ပြီး ဂုဏ်ပြုခဲ့တာပါ။

အာသာရဲ့ ဝမ်းနည်းပူဆွေးနေကြတဲ့ မိသားစုတွေကလည်း သူ့ရဲ့နာမည်ကျော် ဘောလုံးသမားဖြစ်ချင်တဲ့ အိမ်မက်တွေ အကြောင်း ပြောပြနေတဲ့ ချစ်စဖွယ်ကောင်းတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ်။ အာသာကို သူ့ရဲ့ဖခင်ဖြစ်သူ သော်မတ်စ်ဟုချ်နဲ့ မိထွေး အမ်မာတက်စတင်တို့က သတ်ဖြတ်ခဲ့ကြတာပါ။

ပုံ- အာသာကို ဝမ်းနည်းကြောင်း ပြသထားခြင်း ။ (Evening Standard)

သော်မတ်စ်ဟုချ်ဟာ လူသတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံခဲ့ရပြီး မိထွေးဖြစ်သူ အမ်မာတက်စတင်ကတော့ အနည်းဆုံး ထောင်ဒဏ် ၂၉ နှစ်နဲ့ တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ အာသာကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ သူတို့ဟာ အဆိုပါ ကလေးငယ်ကို တစ်နေ့ကို ၁၄ နာရီ ခွဲထားပြီး ကလေးငယ် ညှင်းပန်းနှိပ်စက်ခြင်းရဲ့ ဆေးဘက်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီတဲ့ ရက်စက်စွာ ကြမ်း ပြင်ပေါ်မှာ အိပ်ခိုင်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ ဆားများစွာနဲ့ အဆိပ်ခတ်ခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်ခံရတာကို တွန်းလှန်ဖို့ကိုတောင် အားနည်းနေတာ ဖြစ်ပါတယ်။ အာသာဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ခေါင်းကို အကြိမ်ကြိမ် အတိုက်ခံရပြီး နောက်တစ်နေ့မှာ ဦးခေါင်းဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အာသာဟာ ဦးခေါင်း၊ လက်၊ ခြေထောက်၊ ခြေဖဝါးနဲ့ ခန္ဓာကိုယ် အပါအဝင် မတူညီတဲ့ ဒဏ်ရာ ၉၃ မျိုးကို ခံစားခဲ့ရပြီး ဒဏ်ရာ အများအပြား ခံစားခဲ့ရတာပါ။ ဖခင်ဖြစ်သူနဲ့ မိထွေးဖြစ်သူတို့ ဖမ်းထားတဲ့ ထိတ်လန့်ဖွယ် အသံဖိုင်တစ်ခုဟာ ၂၃ စက္ကန့်ကြာ ရှိ ခဲ့ပြီး ဒီထဲမှာ အာသာရဲ့ငိုသံကို ကြားရမှာဖြစ်ပါတယ်။

ဒီထဲမှာ “ငါ့ကို ဘယ်သူမှ မချစ်ဘူး။ ငါ့ကို ဘယ်သူမှ ကျွေးမှာမဟုတ်ဘူး”လို့ ပြောထားတာ ဖြစ်ပါတယ်။

Source: The Sun