၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆
မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ် အသင်းနည်းပြဟောင်းဖြစ်တဲ့ ဂျာမန်လူမျိုးနည်းပြ ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ၆ လစာချုပ်နဲ့ ခန့်အပ်နိုင်ပြီလို့ သတင်းတွေအများအပြားက ဖော်ပြလိုက်ပါတယ်။
အသက် ၆၃ နှစ်အရွယ်ရှိ နည်းပြဟာ အလုပ်လုပ်ခွင့်ပါမစ်ကို စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် ဒီတပတ်မှာ ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် ယာယီနည်းပြအဖြစ်ခန့်အပ်ဖို့ နည်းပြ ၅ ဦးလျာထားတယ်လို့ သတင်းတွေထွက်ခဲ့တာဖြစ်ပြီး ရက်ဂ်နစ်ကို ခန့်အပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ရက်ဂ်နစ်ဟာ ၂၀၁၁ ခုနှစ်က ရှောလ်ကေး အသင်းကို ဂျာမန်ဖလားရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီး ၂၀၁၉ မှာ လိုက်ပ်ဇစ်အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရက်ဂ်နစ်အနေနဲ့ ၂၀၁၀-၁၁ ရာသီက ရှော်လ်ကေးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အကြိုဗိုလ်လုပွဲ ရောက်ရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက မန်ချက်စတာယူနိုက်တက် အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ ရက်ဂ်နစ် ဟာ ဂျာမနီ နိုင်ငံမှာရှိနေတဲ့ အချိန်အတွင်း အထင်ကြီးစရာကောင်းလောက်အောင် သူ့ရဲ့နည်းပြစွမ်းဆောင်ရည်ကို တည် ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ရာသီအကုန်ထိ ခန့်အပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာကလပ်ဟာ လက်ရှိအချိန်မှာ ယာယီနည်းပြသာ ခန့်အပ်ဖို့ ပြင်ဆင် ခဲ့တာဖြစ်ပြီး ရာသီကုန်မှသာ အမြဲတမ်းနည်းပြတစ်ဦးကို ရှာဖွေပြီး ခန့်အပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
ရက်ဂ်နစ်ဟာ ရုရှားကလပ် လိုကိုမိုးတစ်မော်စကိုအသင်းမှာ အားကစားနဲ့ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ အဖြစ် ဆောင်ရွက်နေတာပါ။ ဂျာမနီ ဂိုးသမားဟောင်း ဖန်နယ်လ်စတီရယ်လ်ကတော့ ရက်ဂ်နစ် ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်ရှိဖို့အတွက် အရာအားလုံးကို တည်ငြိမ်အောင် စွမ်းဆောင် ပေးနိုင်မယ်လို့ ပြောသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြ အဖြစ် ကာရစ်ကပဲ ဆက်လက်တာဝန်ယူသွားမှာပါ။ကာရစ်ဟာ ဆိုးလ်ရှား ထွက်ခွာပြီးနောက် ဗီလာရီးရယ်လ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဒီ နိုင်ပွဲကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို အုပ်စု ပထမနဲ့ တက်ရောက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
Source: BBC