CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆
စပါး အသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ်မှာ ဆလိုဗေးနီးယား အသင်းငယ်လေးဖြစ်တဲ့ NR မူရာအသင်းကို နာကျင် အချိန်ပိုမှာ ပေးလိုက်ရတဲ့ ဂိုးနဲ့ အံအားသင့်ဖွယ်အရေးနိမ့်သွားခဲ့ပါတယ်။
စပါး အသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်း မပြီးခင်မှာဘဲ နောက်ခံကစားသမား ဆက်ဆီဂနွန်ဟာ ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ် ခံခဲ့ရတာကြောင့် နည်းပြကွန်တီအတွက် စပါးနည်းပြ ဘဝ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဟော်ဖတ် က မူရာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဟာရီကိန်းက ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ပွဲချိန် ၉၄ မိနစ်မှာ မာအိုဆာ က မူရာ အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် စပါးအသင်းဟာ ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မူရာအသင်းဟာ ဆလိုဗေးနီးယား အရှေ့မြောက်ပိုင်းမှာ အခြေစိုက်တာဖြစ်ပြီး လူဦးရေ တစ်သောင်းတစ်ထောင် သာရှိတဲ့ အသင်းငယ်လေးလည်း ဖြစ်ပါတယ်။ မူရာအသင်းဟာ ဂူဂဲလ်မှာ ရိုက်နှိပ်ရှာဖွေရင် အသင်း Logo တောင် မပါဝင်သေးတာလည်း ဖြစ်ပါတယ်။၂၀၁၂ ခုနှစ်ကမှ စတင်ဖွဲ့စည်းခဲ့တဲ့ မူရာအသင်းဟာ စပါးအသင်းနဲ့ ပွဲမတိုင်ခင် ယူရိုပါကွန်းဖရန့်စ်လိဂ်အုပ်စုပွဲစဉ် ၄ ပွဲလုံး အရေးနိမ့်ထားတာဖြစ်ပြီး လန်ဒန်ကလပ်အသင်းနဲ့တွေ့မှ ပထမဆုံး နိုင်ပွဲလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီ ပွဲရလဒ်ကြောင့် ဗီတက်ဆီအသင်းနဲ့ ရမှတ်တူ ဂိုး ကွာ ခြားချက်နဲ့ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။
စပါး အသင်းနည်းပြ ကွန်တီက ဒီပွဲအပြီးမှာ စပါး အသင်းရဲ့အဆင့်အတန်းဟာ မြင့်မားခြင်းမရှိတော့ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ ကွန်တီ က “စပါးကို ကိုင်တွယ်ပြီး ၃ ပတ်အကြာမှာတော့ ကျနော်ဟာ အခြေအနေတွေကို နားလည်လာခဲ့ပါတယ်။ ဒါဟာ မလွယ်ကူပါဘူး။ အခုအခြေအနေအရတော့ စပါးရဲ့အဆင့်အတန်းဟာ မြင့်မားခြင်း မရှိတာဖြစ်ပါတယ်။ ဒီပွဲမှာ စွမ်းဆောင်ရည်ကလည်း အလွန်ညံ့ဖျင်းပါတယ်။ ကျနော်တို့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်ဆိုတာကို သိပါတယ်။ ပြန်ကောင်းလာဖို့နဲ့ တိုးတက်မှုတွေရဖို့အတွက် စိတ်ရှည်ဖို့လိုတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ကွန်တီ က “နည်းပညာပိုင်းသာမက နည်းဗျုဟာပိုင်းမှာရော၊ စိတ်ဓါတ်ပိုင်းမှာပါ အသင်းဟာ ညံ့ဖျင်း ခဲ့ပါတယ်။ စပါးကို ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့အတွက် အချိန်ယူရပါလိမ့်မယ်။ အင်္ဂလန်မှာရှိတဲ့ ထိပ်တန်း အသင်းကြီးတွေအကြားမှာ အရေးပါတဲ့ ကွာဟချက်ရှိပါတယ်။ ဒီမှာအလုပ်လုပ်နေပြီဖြစ်တဲ့အတွက် ဒါကို မ ကြောက်ပါဘူး။ တိုးတက်အောင်လုပ်ပေးဖို့ ဒီမှာ ရှိနေတာပါ။ အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ရမှာပါ။ ကဏ္ဍပေါင်းစုံမှာ အသင်းကို နောက်တဆင့်တက်နိုင်အောင် ကျနော်တို့ ကြိုးစားရပါမယ်။ အဲဒီအတွက် အချိန်လို ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source: SportBible