၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆

ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီး ပီလီက တချိန်က ပြိုင်ဘက်ဟောင်းကြီးဖြစ်တဲ့ အာဂျင်တီးနား ဂန္တဝင် ကစားသမားကြီး မာရာဒိုနာ ကွယ်လွန်တဲ့ ပထမဆုံး နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုအမှတ်တရ စကားပြောလိုက်ပါတယ်။

မာရာဒိုနာဟာ အသက် ၆၀ အရွယ် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ မာရာဒိုနာဟာ နှလုံးရောဂါနဲ့ ဗျူနိုအေးရိစ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ အိမ်ပျော်နေရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါ တယ်။

ပီလီက “ဒီယေဂိုရေ မင်းမရှိတာ တစ်နှစ်တောင် ရှိသွားပြီ။ ငါတို့တွေဟာ ထာဝရသူငယ်ချင်းပါဆိုပြီး” သူ့ရဲ့ အင်စတာဂရမ်မှာ သူတို့ ၂ ဦး ပွေ့ဖက်နေတဲ့ ပုံနဲ့အတူ ရေးသားခဲ့တာပါ။

ပီလီနဲ့ မာရာဒိုနာတို့ဟာ ကွင်းထဲမှာ ပြိုင်ဘက်တွေအဖြစ် တွေ့ဆုံခဲ့ကြခြင်း မရှိခဲ့ပေမယ့် သမိုင်းတလျှောက် အကောင်းဆုံး ဘောလုံးသမားဆုအတွက် မကြာခဏဆိုသလို အမြဲတမ်း ပြိုင်ဆိုင်မှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။

ပုံ-မာရာဒိုနာ ကွယ်လွန်သွားချိန်။ (wctv)

ပီလီဟာ မာရာဒိုနာ ကွယ်လွန်ခဲ့တဲ့ အချိန်ကလည်း “ကမ္ဘာကြီးဟာ ဂန္တဝင်တစ်ဦးကို ဆုံးရှုံးသွားပြီဆိုပြီး” ရေးသားခဲ့ပါသေး တယ်။ ဒါ့အပြင် “တစ်နေ့ကျရင်တော့ ကောင်းကင်ဘုံမှာ ငါတို့(၂)ဦး ဘောလုံးအတူတူ ကစားနိုင်ဖို့ မျှော်လင့်တယ်”လို့လည်း အသက် ၈၁ နှစ်အရွယ်ရှိ ဘရာဇီးလ်ဂန္တဝင် ပီလီက ထပ်မံ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ပီလီနဲ့ မာရာဒိုနာတို့ဟာ ၂၀၀၀ ခုနှစ်က ဖီဖာရဲ့ ၂၀ ရာစု အကောင်းဆုံး ကစားသမားအဖြစ် ပူးတွဲသတ်မှတ် ခံထားရတာလည်း ဖြစ်ပါတယ်။ ပီလီကို ဂျုရီအဖွဲ့ရဲ့ ကျွမ်းကျင်သူတွေက ရွေးချယ်ခဲ့တာဖြစ်ပြီး မာရာဒိုကိုတော့ ပရိသတ်တွေက မဲပေးပြီး ရွေး ချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ ၂ ဦးလုံးဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး ကစားသမားတွေ အဖြစ်လည်း ရပ်တည်နေခဲ့ကြတာပါ။ မာရာဒိုနာဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့အတူ ၁၉၈၆ ခုနှစ်က ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး တစ်ဦး ချင်း အောင်မြင်မှုတွေကိုလည်း အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မာရာဒိုနာဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက် ၉၁ ပွဲ ပါဝင်ကစားပြီး ၃၄ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂန္တဝင် ကစားသမားကြီးဟာ ဘာစီလိုနာ၊ နာပိုလီ အသင်းတွေမှာလည်း အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး ၅၈၉ ပွဲ ပါဝင် ကစား ကာ ၃၁၀ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

မာရာဒိုနာဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းကိုလည်း နည်းပြအဖြစ် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုင်တွယ်ခဲ့ပြီး ကွာတားဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Besoccer.com