CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆

အာဆင်နယ် အသင်းနည်းပြ အာတီတာက နည်းပြဟောင်းဖြစ်တဲ့ အာဆင်ဝင်းဂါးကို အသင်းထံ ပြန်လာဖို့ ဆန္ဒရှိနေပြီး နည်းပြဟောင်းကလည်း ပြန်လာဖို့ ရှိတဲ့အကြောင်း သူ့ကို ပြောခဲ့တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။

အသက် ၇၂ နှစ်အရွယ်ရှိ အာဆင်ဝင်းဂါးဟာ လန်ဒန်ကလပ်ကို ကိုင်တွယ်ခဲ့တဲ့ ၂၂ နှစ်အတွင်း ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အာတီတာဟာ နည်းပြ ဟောင်း အာဆင်ဝင်းဂါး လက်အောက်မှာ ၅ နှစ်ကြာ အာဆင်နယ် ကစားသမားအဖြစ် ကစားခဲ့သူ ဖြစ်ပါတယ်။

အာတီတာက “သူနဲ့ အများကြီး နီးစပ်ခွင့်ရခဲ့လို့ ကျနော် ဝမ်းသာမိပါတယ်။ ဒီနေရာမှာ ရှိတာနဲ့ သူဖန်တီးခဲ့တဲ့ ပတ်ဝန်းကျင်ကို မြင်ပြီး သူ့အတွက် ပျော်ရွှင်စရာ ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကလပ်မှာရှိတဲ့ လူတိုင်းရဲ့ လေး  စားမှု၊ ရိုသေမှုတွေနဲ့ သူလုပ်ခဲ့တဲ့ အရာတွေ အတွက်ရော လူတစ်ဦးအနေနဲ့ ကိုယ်စားပြုခဲ့တဲ့ အရာတွေ အတွက်ပေါ့”လို့ ပြော ခဲ့ပါတယ်။

အာဆင်ဝင်းဂါးဟာ ၂၀၁၇-၁၈ ဘောလုံးရာသီအပြီး အာဆင်နယ် အသင်းနည်းပြဘဝ ၁၂၃၅ ရက်အရောက်မှာ  အဆုံးသတ် သွားခဲ့တာ လည်း ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ အာဆင်ဝင်းဂါး ထွက်ခွာအပြီးမှာ အူနှိုင်းအမ်မရီကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ပုံ- အာဆင်ဝင်ဂါးနဲ့ အာတီတာကိုတွေ့ရစဉ်။ (Todayuknews)

အူနှိုင်းအမ်မရီ လက်ထက်မှာ အာဆင်နယ် အသင်းဟာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ အာတီတာက သူ့ရဲ့နေရာကို အစားထိုးဝင်ရောက် ကိုင်တွယ်ခဲ့တာပါ။

အာတီတာဟာ ၂၀၁၉-၂၀ ဘောလုံးရာသီက အာဆင်နယ်အသင်းကို အက်ဖ်အေဖလား ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာသာ ရရှိခဲ့တာကြောင့် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပဝင်ခွင့် ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားအပြီးမှာ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေ တာဖြစ်ပြီး စနေနေ့မှာ နယူးကာဆယ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါးကို အီးမရိတ်စ်ကွင်းဆီ ပြန်လည်ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု ရှိ၊မရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အာတီတာက ဆက်သွယ်မှုတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အာဆင်ဝင်းဂါး အနေနဲ့ အသင်းမှာ ဘယ်လို အခန်း ကဏ္ဍအနေနဲ့ ပါဝင်မလဲဆိုတာတော့ သူမပြောနိုင်ဘူးလို့ ဖြေခဲ့ပါတယ်။

အာဆင်ဝင်ဂါးဟာ အာဆင်နယ် အသင်းက ထွက်ခွာပြီးကတည်းက နည်းပြအလုပ်အတွက် ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် နည်းပြ လောကထဲကို ပြန်လည် မဝင်ရောက်ခဲ့ဘဲ အနားယူနေခဲ့တာပါ။ အာဆင်ဝင်းဂါးဟာ လက်ရှိအချိန်မှာ ဖီဖာရဲ့ ဘောလုံး ဖွံဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

Source: BBC