၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃
ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ၂၀၂၁ ခုနှစ်အတွက် Golden Player ဆုကို မက်ဆီနဲ့ ဂျော်ဂျင်ဟိုတို့ကို ကျော်ပြီး အသာစီးရရှိသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ အီတလီသတင်းစာဖြစ်တဲ့ Tuttosport က ပေးတဲ့ ဒီဆုကို ပြီးခဲ့တဲ့နှစ်ကလည်း ရရှိခဲ့တာကြောင့် ၂ နှစ်ဆက်တိုက် ဒီဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အခုနှစ်အတွက် ပေးတဲ့ဆုမှာတော့ ဂျော်ဂျင်ဟို က ဒုတိယနေရာမှာ ရပ်တည်နေပြီး မက်ဆီက တတိယနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဆုဖလားပေါင်း ၂၀၀ ကျော် ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျုရီလူကြီးအဖွဲ့က Golden Player ဆုအတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီ ဂျုရီအဖွဲ့မှာ ဂန္တဝင်ကစားသမားအချို့ဖြစ်တဲ့ ရှက်ဗ်ချန်ကို၊လိုသာမာသီးယတ်စ်၊ နတ်ဗတ်၊အီတူး၊လူကာတိုနီ၊ ဗန်ဒါဆားနဲ့ ရူအီကော်စတာတို့ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန် မြူးနစ်အသင်းအတွက် ပွဲပေါင်း ၄၀ ပါဝင်ကစားခဲ့ပြီး ၄၈ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပိုလန်လက်ရွေးစင် ကစားသမားဟာ ဒီ ရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားထားပြီး ၂၄ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးထားနိုင်ခဲ့တာပါ။ဒီရာသီမှာ ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ရောက်ရှိလာတဲ့ မက်ဆီ ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ၄၇ ပွဲကစားပြီး ၃၈ ဂိုးသွင်းကာ ၁၄ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ကစားသမားဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့အတူ ပြီးခဲ့တဲ့နွေရာသီက ကိုပါ အမေရိကဖလားကို ရယူနိုင်ခဲ့တာပါ။ ဂျော်ဂျင်ဟိုကတော့ ချယ်လ်ဆီး၊ အီတလီလက်ရွေးစင်အသင်းတွေနဲ့ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီး အီတလီအသင်းနဲ့ ယူရိုဖလား တို့ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူတို့ ၃ ဦးလုံးဟာ အခုလကုန်ပိုင်းမှာ ပြင်သစ်ဘောလုံးက ပေးအပ်မယ့် ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့လည်း ရေပန်းစားနေကြတာဖြစ်ပါတယ်။
လီဝန်ဒေါစကီးကတော့ ဘောလွန်းဒီအောဆုမတိုင်ခင်မှာ အီတလီသတင်းစာကပေးတဲ့ Golden Player ဆုကို သူတို့ ၂ ဦးကို အသာစီး ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီအတွက်တော့ အခုတကြိမ်သာ ဘောလွန်း ဒီ အောဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် ၇ ကြိမ်မြောက်ရရှိမှာဖြစ်ပြီး လီဝန်ဒေါစကီးနဲ့ဂျော်ဂျင်ဟိုတို့ကတော့ ပထမဆုံး အကြိမ်ရယူနိုင်မှာလည်းဖြစ်ပါတယ်။
Source-sportskeeda.com