CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃

ပီအက်စ်ဂျီအသင်းရဲ့ကစားသမားတွေကတော့ နည်းပြ ပိုချက်တီနို ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာသွားမယ်ဆိုရင် ဇီဒန်းဟာ အသင်းရဲ့နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေပေမယ့် ထုတ်ပယ်ခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်း ရဲ့ နည်းပြနေရာကို အစားထိုးဝင်ရောက်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။ဒီအချိန်မှာ ရီးရယ်လ် အသင်းနည်းပြ ဟောင်း ဇီဒန်းကလည်း ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ဖို့အတွက် အဆင့်သင့်ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Marca ကတော့ ပီအက်စ်ဂျီအသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ ဇီဒန်းဟာ ပိုချက်တီနိုနေရာကို အစားထိုး ဝင် ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ခံစားနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လက်ထောက်နည်းပြဖြစ်တဲ့ ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့ နည်းပြသစ်ကို ရှာဖွေနေခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အစောပိုင်းက ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားမှု ရှိခဲ့ပေမယ့် ပြင်သစ်လူမျိုးက စိတ်မဝင်စားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပိုချက်တီနိုဘက်ကို မြှားဦး လှည့်လာခဲ့တာပါ။

ပိုချက်တီနိုကလည်း မန်ချက်စတာယူနိုက်တက်အသင်းကသာ ခေါ်ယူမယ်ဆိုရင်လာဖို့ အဆင်သင့် ဖြစ်နေတာ ကြောင့် ဇီဒန်းဟာ ပီအက်စ်ဂျီအသင်းကို ရောက်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ မက်ဆီ၊ဘတ်ပီတို့ အပါအဝင် ပီအက်စ်ဂျီအသင်း ကစားသမားအချို့ကလည်း ဇီဒန်းကိုနည်းပြအဖြစ် ခန့်အပ်မှာကို သဘောကျနေတာဖြစ်ပြီး သီးသန့်ဆွေးနွေးမှုတွေတောင်ရှိနေတယ်လို့ မာကာက ဖော်ပြထားတာပါ။ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး ပရီးမီးယားလိဂ်ကို ပြန်လာချင်နေတာလည်းဖြစ်ပါတယ်။

ရီးရယ်လ်ကို ၂ ကြိမ်ကိုင်တွယ်ပြီး ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ယူပေးနိုင်ခဲ့တဲ့ ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင် အသင်းကိုလည်း ကိုင်တွယ်ဖို့ စိတ်အားထက်သန်နေတာပါ။ ဒါပေမယ့် ပြင်သစ်အသင်းကို ဒက်ချမ့်ပ်စ် က ကိုင်တွယ်နေတာကြောင့် ဇီဒန်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ ဒါကို မျှော်လင့်လို့ရမှာလည်း ဖြစ်ပါ တယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ် မှာလည်း နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေတာဖြစ်ပါတယ်။

Source-dailymail.com