၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၈
လီဗာပူးလ် အသင်းနည်းပြ ကလောပ့်က ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ညံဖျင်းမှုတွေဟာ အသင်းကို နစ်နာသွားစေခဲ့တယ်လို့ ပြောပါတယ်။
လီဗာပူးလ် အသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ ခဲ့ပြီးနောက် ဂျာမန်လူမျိုးနည်းပြက အခုလိုပြောလာတာပါ။
လီဗာပူးလ် ဂိုးသမား အလီဆန် ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ အချိန်မှာ ဝက်စ်ဟမ်းနောက်ခံလူ အော့ဘွန်နာက တံတောင်နဲ့ တိုက်ပြီး ပြစ်ဒဏ်ကျုးလွန်ခဲ့တယ်လို့ ကလောပ့်က ထောက်ပြခဲ့ပါတယ်။ ဒီသွင်းဂိုးကို VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ပေမယ့် ဒိုင်လူကြီးက ဂိုးအဖြစ် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ကလောပ့် ကတော့ ဒီသွင်းဂိုးဟာ အသင်းအတွက် အရေးပါတဲ့ အခိုက်အတန့် ဖြစ်တာကြောင့် ဂိုးပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်နေတာလည်း ဖြစ်ပါတယ်။
ပုံ-အငြင်းပွားပွဲသွင်းဂိုးကို VAR ကနေ ပြန်ကြည့်နေစဉ်။ (Sky Sports 1)
ကလောပ့်က “ဒီပွဲအကြောင်း ပြောရမယ်ဆိုရင် သူတို့ ပထမဆုံးရရှိသွားတဲ့ ဂိုးက ကျနော်တို့ ဂိုးသမားကို ပြစ်ဒဏ် ကျုးလွန် သွားခဲ့ပါတယ်။ သူ့ရဲ့လက်မောင်းက အလီဆန်ရဲ့ လက်ထဲကို ရောက်သွားတော့ ဂိုးသမားက ဘယ်လိုသွားဖမ်းမလဲ။ ဒါက လုံးဝအဓိပ္ပါယ်မရှိပါဘူး”လို့ ပြောပါတယ်။
၎င်းက ဆက်ပြီးတော့ “လူတွေက ဒီလိုပြောလို့ ကျနော်ဆင်ခြေပေးတယ်လို့ ပြောကြဦးမယ်။ဒါပေမယ့် ကျနော်ကတော့ အေး ဆေးပါပဲ။ ဒိုင်လူကြီး တစ်ဦးဆီကနေ ပုံမှန်ဆုံးဖြတ်ချက်တွေ လိုအပ်ပါတယ်။ သူက အဲ့လိုမလုပ်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဟန်ဒါဆန်ကို ခရက်စဝဲလ်ရဲ့ ဖျက်ထုတ်မှုကလည်း အနီကတ်ပြသခံရမယ့် ပြစ်ဒဏ်လို့ ကလောပ့်က ထပ်ပြီး မှတ်ချက် ပြုခဲ့ပါတယ်။
ကလောပ့်က “ခရက်စဝဲလ်ဟာ ဟန်ဒါဆန် အပေါ်မှာ မဆင်မခြင် ဖျက်ထုတ်ခဲ့တာဖြစ်ပြီး ဘောလုံးကို အရင်မထိရင်တောင် ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်ရပါမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း ကစားသမားကို ထုတ်ပယ်သင့်လားလို့ မေးမြန်းခံရချိန်မှာ ကလောပ့်က “ ဘုရားရေ ကျနော်က ခင်ဗျားရဲ့ ခွေး မဟုတ်ဘူး။ ခင်ဗျားတို့ အနေနဲ့လည်း ဒါကိုထင်မြင်ချက် ရှိမယ်လို့ထင်ပါတယ်။ အားလုံးကောင်းပါတယ်”လို့ ဖြေခဲ့ပါတယ်။
လီဗာပူးလ် အသင်းဟာ ဒီရှုံးပွဲကြောင့် ဝက်စ်ဟမ်းအသင်းကို အဆင့် ၃ နေရာ လွှဲပြောင်းပေးခဲ့ရပြီး သူကတော့ အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။