CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈

ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်က လီဗာပူးလ်အသင်းကို အနိုင်ရပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ဖြစ်တဲ့ အဆင့် ၄ အတွင်း ဝင်ရောက်ခွင့်ရဖို့ ပစ်မှတ်ထား ထားတယ်လို့ ပြောလိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအတွက် ဂိုးတွေကို ပါဘလို ဖော်နယ်လ်၊ ဇူးမားနဲ့ လီဗာပူးလ်အသင်း ဂိုးသမား အလီဆွန်တို့က ကိုယ်ဂိုးကိုယ် သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးလ်အတွက် ချေပဂိုးတွေကို အာနိုးလ်နဲ့ အိုရီဂီတို့က သွင်းယူခဲ့တာပါ။ ဝက်စ်ဟမ်းအသင်းဟာ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းရဲ့ အထက်အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၂ နေရာက မန်စီးတီးနဲ့ ရမှတ်တူ သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ လီဗာပူးလ်အသင်းကို ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲကြုံတွေ့ စေခဲ့ပြီး နောက် သူတို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို စိန် ခေါ်နိင်မှာ မဟုတ်ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ကို ပစ်မှတ် ထား တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ပုံ- ဝက်စ်ဟမ်းအသင်းက ဇူးမား လီဗာပူးလ်အသင်းဘက်ကိုခေါင်းတိုက် ဂိုးသွင်းနေစဉ်။(eNewsdesk)

ဒေးဗစ်မိုယက်စ်ကို ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မလားဆိုပြီး မေးမြန်းခဲ့ရာမှာ “ကျနော်ကတော့ ကျနော်လုပ်နိုင်တာကိုပဲ ပြောချင်ပါတယ်။ လောလောဆယ်တော့ အသင်းမှာ အဲ့လိုအခြေအနေမျိုး မတွေ့ရသေးပါဘူး။ ကျနော်တို့က ထိပ်ဆုံး ၄ သင်း အတွက် စိန်ခေါ်နိုင်ပေမယ့် ဘယ်သူပဲဖြစ်ဖြစ်ပါ။ ဒီလို အခွင့်အရေး ပေးမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၂ မှတ်ကွာဟပြီး လွဲချော်ခဲ့တာကြောင့် ဘာလို့ အဲဒီနေရာကို မရောက်နိုင်ရမှာလဲ”လို့ ပြန်လည်ဖြေကြား သွားခဲ့ပါတယ်။

၎င်းက “အခုအချိန်မှာ ကျနော်တို့ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ကိုယ့်ကိုကိုယ်ပဲ အားထုတ်ရမှာပါ။ ကျနော်တို့ အားလုံးတိုးတက်အောင် ဆက်ကြိုးစား နေရမှာပါ။ အကောင်းဆုံးအချိန်တွေ လာဖို့ ရှိသေးတယ်လို့လည်း မျှော်လင့်ပြီး ယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ယူရိုပါလိဂ်မှာလည်း နောက်တဆင့် တက်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ၄ ပွဲဆက်တိုက် အနိုင် ရကာ ပုံစံကောင်းတွေ ရရှိနေတာဖြစ်ပါတယ်။