CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇
ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား နေမာဟာ ဘော်ဒိုးအသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဂိုးသွင်း ယူပြီးနောက် လေယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ဘရာဇီးလ်အဆိုတော် မာရယ် လီယာမန်ဒွန်ဆာ(Marilia Mendonca) ကို ရည်ညွှန်းပြီး ဂုဏ်ပြုသွားခဲ့ပါတယ်။
မာရယ်လီယာမန်ဒွန်ဆာဟာ အခုအပတ် အစောပိုင်းက ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသတစ်ခုမှာ ဖျော်ဖြေပွဲပြုလုပ်ဖို့ ခရီးသွားနေတဲ့ အချိန်အတွင်းမှာ လေယာဉ်ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ မေရာသတင်းက ဖော်ပြခဲ့ ပါတယ်။
သူမဟာ ဒီအဖြစ်အပျက်ကြောင့် ကွယ်လွန်သွားခဲ့တဲ့ ၅ ဦးထဲက တစ်ဦးဖြစ်ပြီး သူမရဲ့ ဦးလေးနဲ့ ထုတ်လုပ်သူတို့လည်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ပုံ-လေယာဉ်ပျက်ကျလို့ ကွယ်လွန်သွားတဲ့ မာရယ်လီယာမန်ဒွန်ဆာ
မာရယ်လီယာမန်ဒွန်ဆာဟာ သူမရဲ့ မွေးရပ်မြေမှာ အလွန်ရေပန်းစား ကျော်ကြားတဲ့ ကြယ်ပွင့်ဖြစ်ပြီး သူမရဲ့ အင်စတာဂရမ် အကောင့်မှာ Follower သန်း ၄၀ ကျော်ရှိတာလည်း ဖြစ်ပါတယ်။ နေမာဟာ သူမ ကွယ်လွန်သွားတဲ့ အပေါ်မှာ မယုံကြည်နိုင် ဖွယ် ဖြစ်ခဲ့တယ်လို့ သူ့ရဲ့တွစ်တာ ရေးသားဖော်ပြခဲ့တာပါ။
နေမာဟာ ဘော်ဒိုးအသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပြိုင်ပွဲမှာ ပထမပိုင်းကတည်းက ၂ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ နေမာ ဟာ ပထမဂိုးသွင်းယူအပြီးမှာ ကင်မရာရှေ့သွားကာ သူ့ရဲ့ဂျာစီကို လှန်ပြီး အောက်မှာဝတ်ထားတဲ့ အင်္ကျီပေါ်မှာ သူမအတွက် ရေးထားတဲ့ စာသားကို ပြသပြီး လက်အုပ်ချီနေခဲ့တာပါ။
နေမာက “ကျနော်ဟာ ခင်ဗျားရဲ့ အမာခံပရိသတ်တစ်ဦးပါ။ ဒုက္ခဘုရင်မရေ၊ ခုငြိမ်းချမ်းစွာ အနားယူပါ။ မာရယ်လီယာ မန်ဒွန် ဆာ”ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
နေမာဟာ ဒီပွဲမှာ သွင်းခဲ့တဲ့ သွင်းဂိုးတွေကြောင့် ကစားသမားဘဝ သွင်းဂိုး ၄၀၀ ပြည့်မြောက် သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းကလည်း ဘော်ဒိုးအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် လီဂူးဝမ်းပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကို အမှတ်ဖြတ်ပြီး ဦးဆောင်ထားတာလည်း ဖြစ်ပါတယ်။