CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇

နော်ဝစ်ချ် အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန်ဖိုဒ့်အသင်းကို အနိုင်ရခဲ့ပြီး အခုနှစ်ရာသီ ရဲ့ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နော်ဝစ်ချ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ ဒန်နီရယ်လ်ဖာကီကို နာရီပိုင်းအကြာမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ နော်ဝစ်ချ်အသင်းဟာ ပရီးမီးယားလိဂ် (၁၁)ပွဲ ကစားအပြီးမှာ ရမှတ်(၅)မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတာပါ။

ဒန်နီရယ်လ်ဖာကီ ဟာ နော်ဝစ်ချ် အသင်းကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ကို (၂) ကြိမ်တန်းတက်နိုင်အောင် ဆောက်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ နော်ဝစ်ချ် အသင်းရဲ့အားကစား ဒါရိုက်တာဖြစ်သူ ဝက်ဘာက “ကျနော်တို့ ပရီးမီးယားလိဂ်ရဲ့ အဆင့်အတန်းကို ဆက်ထိန်း နိုင်ဖို့နဲ့ အကောင်းဆုံးအခွင့်အရေးကို ပြုပြင်ပြောင်းလဲဖို့ အခုအချိန်က သင့်တော်တယ်လို့ ခံစားရပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒန်နီရယ်လ်ဖာကီ က ပွဲအပြီး ဘီဘီစီနဲ့ပြုလုပ်တဲ့ အင်တာဗျုးမှာ သူ အလုပ်ကနေ ထုတ်ခံရတော့မယ့် အရိပ် အယောင်ကို ပြသခဲ့ခြင်းမရှိပါဘူး။

ဒန်နီရယ်လ်ဖာကီဟာ နော်ဝစ်ချ်အသင်းကို (၂၀၈) ပွဲကိုင်တွယ်ခဲ့ရာမှာ (၈၇)ပွဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နော်ဝစ်ချ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြသစ်ရှာဖွေဖို့ အချိန်(၂)ပတ် နီးပါးရရှိထားတာလည်းဖြစ်ပါတယ်။