၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ အိမ်ကွင်းမှာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်မှုမရှိဘူးလို့ ပြောလိုက်ပါတယ်။

မန်ယူအသင်းဟာ မနေ့(နိုဝင်ဘာ ၆ ရက်နေ့)က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

နော်ဝေလူမျိုးနည်းပြဟာ အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီးကတည်းက မန်ယူအသင်း နည်းပြရာထူးနဲ့ ပတ်သက်ပြီး ဖိအားတွေ တိုးလာခဲ့တာပါ။ အခုအိမ်ကွင်းမှာပဲ မန်စီးတီးကို အရေးနိမ့်ပြီးနောက် ဆိုးလ်ရှားရဲ့ ပခုံးပေါ်မှာ ဖိအားတွေ ပိုမိုတိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ရှုံးပွဲတွေကြောင့် ဆိုးလ်ရှားဟာ ထုတ်ပယ်ခံရဖို့ ပိုမိုနီးစပ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားကတော့ သူ့ရာထူးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိပါဘူး။

ပုံ-မန်ယူနဲ့မန်စီးတီး နိုဝင်ဘာ ၆ ရက်က ယှဉ်ပြိုင်ကစားနေစဉ်။ (AFP)

ဆိုးလ်ရှားက “ကျနော်နဲ့ ကလပ်ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိပါတယ်။ကျနော်ဟာ ယူနိုက်တက်(မန်ယူ)အတွက် အကောင်းဆုံးတွေကိုပဲ လိုချင်တာပါ။

ဒီမှာရှိနေတဲ့ အချိန်ထိ တက်နိုင်သမျှ တိုးတက်အောင် လုပ်ပေးချင်ပါတယ်။ အိမ်ကွင်း နောက်ဆုံး ပွဲစဉ်ကစားပြီးကတည်းက ဒါဟာ အရမ်းခက်ခဲတဲ့ ကာလဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီပုံစံတွေကို ပြန် ပြောင်း နိုင်မလားဆိုရင် သေချာပါတယ် ပြန်ပြောင်းနိုင်မှာပါ”ဟု ပြောပါတယ်။

၎င်းက “ကျနော်တို့ စိတ်ပျက်စရာ အခြေအနေတွေ ဖြစ်နေတာ ၃ ပတ် ဒါမှမဟုတ် ၄ ပတ်လောက်ရှိနေပါပြီ။ စပါးနဲ့ ပွဲစဉ်မှာ ဆိုရင် ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော်တို့ လိုချင်တဲ့ ပုံစံတော့ မဟုတ်ပါ ဘူး။ အတ္တလန္တာနဲ့ စပါးတို့ပွဲမှာ အသင်းဟာ အတွဲညီခဲ့ပေမယ့် ဒီနေ့မှာတော့ အသင်းရဲ့ ခြေလှမ်းတွေဟာ ကြီးကြီးမားမားကိုပဲ နောက်ပြန်ဆုတ်သွားပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားပြီး စပါးနဲ့ ပွဲစဉ် တစ်ပွဲတည်းသာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီရလဒ်တွေကြောင့် ထိပ်ဆုံးက ချယ်လ်ဆီး အသင်းနဲ့ ၉ မှတ်အကွာ ပရီးမီး ယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။