CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၆

မက်ဆီဟာ ဒူးနဲ့ တံကောက်ကြော ဒဏ်ရာပြဿနာတွေကြောင့် ဘော်ဒိုးအသင်းနဲ့ ယှဉ်ပြိုင်မယ့် ပြင်သစ်လီဂူးဝမ်း ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။

မက်ဆီဟာ ဒီဒဏ်ရာ ပြဿနာတွေကြောင့်ပဲ ကြားရက်က ကစားခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း မပါဝင်နိုင်ခဲ့ပဲ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဆီဟာ ဒဏ်ရာပြဿနာတွေကြောင့် အနည်းငယ် ရုန်းကန်နေရတာ လည်း ဖြစ်ပါတယ်။

ပိုချက်တီနိုက “မက်ဆီ ဘော်ဒိုးနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သူ့နိုင်ငံအတွက် ပါဝင်ကစားပေး နိုင်မလားဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ မက်ဆီအနေနဲ့ သူ့နိုင်ငံအတွက် ပါဝင်ကစားပြီး ကြံခိုင်မှုပြန်ရနိုင်ဖို့ ကျနော်မျှော်လင့်ပါ တယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပုံ-တံကောက်ကြောဒဏ်ရာရသွားသည့် မက်ဆီ။ (1Xnews)

အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အခုလ ၁၂ ရက်မှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက် ၄ ရက် အကြာမှာ ဘရာဇီးလ်အသင်း
နဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

မက်ဆီဟာ အခုအပတ်အတွင်း မက်ဒရစ်မှာ သူ့ရဲ့ဒဏ်ရာ အခြေအနေကို ကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။ မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ အစဟာ ဒဏ်ရာပြဿနာတွေနဲ့ စတင်ခဲ့ရတာဖြစ်ပြီး လီဂူးဝမ်းနဲ့ချန်ပီယံလိဂ် အပါအဝင် ကစား နိုင်ခြေရှိတဲ့ ပွဲပေါင်း ၁၅ ပွဲမှာ ၈ ပွဲသာ ပါဝင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ ကစားသမားဟောင်းဟာ ပီအက်စ်ဂျီ အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားပြီး လီဂူးဝမ်း ပြိုင်ပွဲ မှာတော့ ဂိုးလည်း သွင်းယူနိုင်ခြင်း မရှိသလို ဂိုးလည်း ဖန်တီးနိုင်ခြင်း မရှိတာတွေ့ရပါတယ်။

လီဂူးဝမ်းပြိုင်ပွဲမှာ ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ ပီအက်စ်ဂျီ အသင်းအတွက် ဘော်ဒိုးနဲ့ ကစားမယ့်ပွဲမှာ ပါရီဒတ်စ်၊ ရာဖင်ဟာ၊ ဗာရတ်တီ၊ ကင်မ်ပန်ဘီ၊ ရာမို့စ်တို့လည်း ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာတဲ့ ရာမို့စ်ကတော့ အခုအချိန်ထိ ပြင်သစ်ကလပ်အတွက် တစ်ပွဲမှ ပါဝင်ကစားနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။