CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၅

ယူနိုက်တက် အသင်းဖော်တွေဟာ တိုက်စစ်မှူး ဂရင်းဝုဒ် အသင်းလူစာရင်းထဲ ပြန်လည်ရောက်ရှိလာမှာကို ကြိုဆို ဖို့ အဆင်သင့်ဖြစ်နေသလို ဒုတိယအကြိမ် အခွင့်အရေးပေးဖို့ ထိုက်တန်တယ်လို့ ခံစားနေကြတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် အမှုတွေ စွဲချက်တင်ခံခဲ့ရတဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက စတင်ကာ ယူနိုက်တက် အသင်းအတွက် ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ 

အင်္ဂလန် ကစားသမားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သူ့ကို စွဲချက်တင်ထားတဲ့ အမှုတွေ အားလုံးကနေ လွတ်မြောက်ခဲ့ပေမယ့် အသင်းဘက်က စုံစမ်းစစ်ဆေးမှုတွေကြောင့် ပွဲကစားခွင့်နဲ့ ဝေးကွာနေတာပါ။ 

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းသား ဖြစ်နေပေမယ့် ရာသီကြို ခြေစမ်းပွဲအတွက် အသင်းလူစာရင်းမှာ ချန်လှပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဘက်က ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ရှိလာချိန်မှာ ကစားသမား ဟာ အပြစ်ကင်းစင်နေတဲ့အတွက် ဒုတိယအကြိမ် အခွင့်အရေး ပေးသင့်တယ်လို့ အသင်းဖော်တွေ အားလုံးက ယုံကြည်နေတာပါ။ 

ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၇၅,၀၀၀ ရရှိနေတဲ့ ဂရင်းဝုဒ်ဟာ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်နေဖို့ အတွက် နည်းပြတစ်ဦး ငှားရမ်းကာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေလည်း ရှိနေပေမယ့် ယူနိုက်တက်အသင်း ဘက်က ဆုံးဖြတ်ချက်ချလာမယ့် အဖြေကို စောင့်ဆိုင်းနေတာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ဂရင်းဝုဒ်ကို အပြီးသတ် ရောင်းချတာထက် အငှားနဲ့သာ ထွက်ခွာ ခွင့်ပေးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

မန်ချက်စတာ ကလပ်ကတော့ သြဂုတ် ၁၄ ရက်မှာ စတင်မယ့် ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ မတိုင်ခင်မှာ ဂရင်းဝုဒ်အနာဂတ်ကို ကြေညာသွားမယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းကို အသက် ၆ နှစ် အရွယ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ၁၂၉ ပွဲ ပါဝင်ကစားထားကာ ၃၅ ဂိုး သွင်းယူထားပါတယ်။

Source: Goal