CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀

ကစားသမားဘဝက အနားယူသွားပြီဖြစ်တဲ့ ဂါရတ်ဘေးလ်က ရီးရယ်လ်အသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ အသင်းနိုင်ပွဲရရင်တောင် သူဂိုးမသွင်းနိုင်ရင် ဒေါသထွက်တယ်လို့ ပြောလိုက်ပါတယ်။

ဂါရတ်ဘေးလ်က “ရော်နယ်ဒိုဟာ တကယ်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် သူ့မှာ အခိုက်အတန့် အချို့တွေတော့ ရှိပါတယ်။ အသင်းက ၅ ဂိုးပြတ်နဲ့ အနိုင်ရပြီး သူဂိုးမသွင်းနိုင်ဘူးဆိုရင် အဝတ်လဲခန်းထဲကို ဒေါသတကြီးနဲ့ ဝင်ရောက်လာကာ ဖိနပ်တွေကို လွှင့်ပစ်ခဲ့တာပါ။ ဒါက Ryder Cup မှာ ခင်ဗျားက ရမှတ်မယူပေးနိုင်ဘဲ အသင်းက အနိုင်ရသွားတယ်ဆိုရင် ခင်ဗျားလည်း ဒေါသထွက်မိမှာပါ။ ရော်နယ်ဒိုက လူကောင်းဖြစ်ပြီး ကျနော်တို့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ သူက စိတ်ဓာတ်လည်း ကောင်းပါတယ်”လို့ ဂေါ့ဖ်ရိုက်ရင်း ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကစားခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ 

ဂါရတ်ဘေးလ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်

ပေါ်တူဂီ ကစားသမားဟာ သူ့ရဲ့ကျော်ကြားတဲ့ ကစားသမားဘဝမှာ ယူနိုက်တက်၊ ဂျူဗင်တပ်စ်၊ စပို့တင်းလစ္စဘွန်း၊ ရီးရယ်လ်တို့မှာ ကစားခဲ့သူဖြစ်ပါတယ်၊ အခုကတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတာပါ။

ရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ဟာ ရီးရယ်လ်အသင်းမှာ ဘန်ဇီမာနဲ့အတူ BBC တိုက်စစ် အတွဲအဖက်အဖြစ် အကောင်းဆုံး ခြေစွမ်းပြကာ ဆုဖလားအောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းမှာ ချန်ပီယံလိဂ် ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၅ ခု ရယူနိုင်ခဲ့ပြီး ဘောလွန်းဒီအောဆု ၄ ကြိမ်အထိ ရယူနိုင်ခဲ့ကာ ကစားသမားဘဝ အောင်မြင်မှု အများဆုံး ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်ခဲ့တာပါ။

ဂါရတ်ဘေးလ်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဘောလုံးကစားသမား ဘဝကနေ အနားယူပြီးနောက် ဂေါ့ဖ်ကစားသမားဘဝကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

 Source: Sportbible