ထို့ကြောင့် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသူများမှာ အခက်အခဲများရှိကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကွန်ယက်မှဥက္ကဋ္ဌ ကိုဌေးက ဆိုသည်။
ကိုဌေးက"အခက်အခဲကတော့ အခုအချိန်က သာမန်အချိန်မဟုတ်ဘူး။ ကပ်ရောဂါအချိန်ဆိုတဲ့အတွက် တချို့က အိမ်ရှင်တွေက အခန်းအပ်ခဲ့ပြီးပြီ။ ထွက်လာမယ်ဆိုပြီးတော့လာတယ်။ အဲ့ကျတော့ ပြန်လည်းဝင်လို့ မရတော့ တာတွေ ရှိတယ်။ တချို့ကလည်း အိမ်ရှင်တွေက လက်မခံတော့တာတွေရှိတယ်။ အခု ကျနော်တို့ သိရ သလောက်ကတော့ ရွှေလီမြို့ပေါ် ၊ ကျယ်ခေါင်မြို့ပေါ်လူတွေထက် ဘေးပတ်ဝန်းကျင် ရွာတွေက အလုပ်သမား တွေ၊ အလုပ်စက်ရုံတွေကနေ သူတို့လာကြတယ်။ သူတို့နေရာကိုလည်း သူတို့မပြန်နိုင်တော့ဘူး။ ရွှေလီပန်းခြံ တစ်ဝိုက်နားမှာ စုရုံးပြီးတော့ ဒုက္ခခံနေရတယ်လို့ ကြားတယ်" ဟု ပြောသည်။
အဆိုပါ နေရပ်ပြန်မည့် မြန်မာအလုပ်သမားများကို သြဂုတ် ၂၃ ရက်နေ့ကျမှ နန်းတော်ပေါက်ကနေ လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း သိရသည်။
အင်တာနက်လိုင်း ပြုပြင်၍ နေရပ်ပြန်လာမည့် မြန်မာအလုပ်သမားများအား လွှဲပြောင်းပေးနိုင်ခြင်းမရှိသည်မှာ နေရပ်ပြန်မည့်သူများထဲတွင် ပြစ်မှုကျူးလွန်ထားသူများ၏ အချက်အလက်များအား တရုတ်အစိုးရထံမှာ ရှိထား သည့်အတွက် ပြစ်မှုကျူးလွန်ထားသူများ ပါသွားခြင်းမရှိစေရန် တင်းကျပ်သည့် သဘောမျိုး ဖြစ်ကြောင်း သိရသည်။
နေရပ်ပြန်မည့်သူများအား ၂၁ ရက်နေ့မှစတင်ကာ တတိယအကြိမ် ပြန်လည်လွှဲပြောင်းပေးနေခြင်းဖြစ်ပြီး ရက်များ သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။
ရွှေလီမှ နေရပ်ပြန်လာမည့် မြန်မာလုပ်သားများအား တရုတ်မှ ၂၄ နာရီအတွင်း ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးပေးပြီးမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခြင်းဖြစ်သည်။
ကိုဌေးက "ကျနော်တို့က ဒီဘက်မှာတော့ ကွာရန်တင်းရယ်လို့မထားဘူး။ သူတို့လာတယ်ဆိုရင် ကျနော်တို့က သက်ဆိုင်ရာ ဒေသကို ပြန်ဖို့အတွက် ကျနော်တို့က ယာဉ်စီစဉ်ပေးထားတာရှိတယ်။ အဲ့ယာဉ်စီစဉ်ပေးထားတဲ့ အတိုင်းပဲ သူတို့ က ချက်ချင်း ပြန်ကြတယ်ပေါ့နော်။ သူတို့ဒေသ ရောက်ရင်တော့ သူတို့ဒေသရဲ့ ကွာရန်တင်း ကိုတော့ သူတို့ဝင်ရ မှာပေါ့။ တကယ်လို့ ဥပမာပေ့ါနော် ဒီနေ့ရောက်တယ် သူတို့ ဒီနေ့မပြန်သေးဘူး။ သူတို့ မိတ်ဆွေ သူတို့မိသားစု တွေက နောက်နေ့မှ လာမှာမို့လို့ နေဦးမယ်ဆိုရင်လည်း ကျနော်တို့က ရွှေနန်းတော်မှာပဲ စီစဉ်ပေးရတာရှိတယ်။ သူတို့အဲ့မှာပဲ နေလို့ရပါတယ်" ဟု ဆိုသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ်ပေါက်များအား ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ တရုတ်ဘက်မှ ပိတ်ထား သည်။
သို့သော် ရွှေလီမြို့ရှိ မြန်မာများက စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများပိတ်ထားသည့်အတွက် နေထိုင်ရေး အခက် အခဲကြောင့် နေရပ်ပြန်ရန် တောင်းဆိုသည့်အတွက် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ယခုကဲ့သို့ နန်းတော်ဂိတ်ပေါက် အား ဖွင့်ပေးကာ လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။
နန်းတော်ဂိတ်ပေါက်မှတဆင့် ပြည်တော်ပြန်များအား ဇူလိုင် ၂၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာဘက်သို့ တရားဝင်လွှဲပြောင်းပေးခဲ့ရာ ၅၃၃၅ ဦးရှိပြီ ဖြစ်သည်။
#တရုတ်
#မြန်မာ
#နယ်စပ်
#နေရပ်ပြန်
#ကိုဗစ်၁၉
#ကျန်းမာရေး
#စား၀တ်နေရေးခက်ခဲ
#CNImyanmar
#cninews
#ChannelNewsIndependent