ဩဂုတ် ၂၁ ရက်က ပန်ခမ်းမြို့ကို ဒုတိယအကြိမ် တမြို့လုံး အာခေါင်တို့ဖတ် စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း စစ်ဆေးသူ ၅၂၉၂၂ ဦး အားလုံးမှာ Negative ထွက်ခဲ့သည်။

“ပန်ခမ်းမြို့ covid – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ခွင့်ပြုချက်အရ ပန်ခမ်းမြို့အတွင်း ဩဂုတ် ၂၁ ရက်နေ့ ည ၈း၀၀ နာရီ အချိန်မှစ၍ ပုံမှန်သွားလာနိုင်ပြီဖြစ်သည်” ဟု UWSA က ထုတ်ပြန်ခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်က ပန်ခမ်းမြို့အတွင်း နေထိုင်သူအားလုံး (အမြဲတမ်းနေထိုင်သူ၊ ရွေ့ပြောင်းနေထိုင်သူ၊ ပြင်ပမှ ဝင် ရောက်လာသူ အားလုံးအပါအဝင်) အခမဲ့ အာခေါင်တို့ဖတ်စစ်ဆေးမှု ပြုလုပ်ပေးခဲ့သည်။

ပန်ခမ်းမြို့အတွင်း ကိုဗစ် - ၁၉ စစ်ဆေးနေစဉ်အတွင်းမှာလည်း လမ်းအသီးသီးကို ပိတ်ထားပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် အကယ်၍ အရေးပေါ်လိုအပ်ခဲ့ပါက ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန သို့မဟုတ် သက်ဆိုင်ရာဌာနသို့ အကူအညီတောင်းခံနိုင်သည်ဟု သိရသည်။

ကိုဗစ် - ၁၉ ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး “ဝ” ဒေသ သတင်းဌာနမှ ထုတ်ပြန်သည့် သတင်းများကို ကြည့်ရှု့နိုင်ပြီး ကောလာဟလသတင်းကို မယုံကြည်ကြရန်နှင့် ဖြန့်ဖြူးခြင်း မပြုကြရန် တိုက်တွန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် ပေးထားသည်။

#UWSA
#ပန်ခမ်းမြို့
#အာခေါင်တို့ဖတ်စစ်ဆေး
#ကိုဗစ်၁၉
#ကျန်းမာရေး
#CNImyanmar
#cninews
#ChannelNewsIndependent