ကိုဗစ်လူနာသစ် ၂၀၀၀ ကျော်တွေ့ပြီး ထပ်မံသေဆုံးသူ ၁၄၀ ဦးရှိ

CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၁

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဆောင်ရွက်နေခြင်းနှင့် အတူ ကိုဗစ်-၁၉ သြဂုတ် ၂၀ ရက် ည ၈ နာရီမှ သြဂုတ် ၂၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၈၅၅)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၇၄၄ ဦး တွေ့ရှိရပြီး ထပ်မံသေဆုံးသူ ၁၄၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃ သန်းကျော်(၃,၄၁၇,၅၁၂ ခု)အား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃ သိန်းကျော် (၃၇၁,၇၆၈ ဦး)ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ(၄,၅၁၅)ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၂ သိန်းကျော် (၂၉၅,၃၈၈ ဦး) ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၄၀ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁ သောင်းကျော် (၁၄,၂၃၆ ဦး) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်ရန်အတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင် သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနက တိုက်တွန်းထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက “ မိမိတို့ နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြ ပါရန် လိုအပ်ပါသည်”ဟု ဆိုသည်။

#ကိုဗစ်၁၉ #ကျန်းမာရေး #ကျန်းမာရေးဝန်ကြီးဌာန #ပိုးတွေ့လူနာ #သေဆုံး #CNImyanmar #cninews #ChannelNewsIndependent