CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၂၁

စင်ကာပူနိုင်ငံက ကာကွယ်ဆေးထိုးနှံပြီးသူများကို လက်ခံမည့် ခရီးသွားလမ်းကြောင်းအစီအစဉ်ကို ဂျာမနီ၊ ဘရူနိုင်းတို့နှင့်လာမည့်စက်တင်ဘာ ၈ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း COVID-19 ဆိုင်ရာ ဘက်စုံ တာဝန်အဖွဲ့က ကြေညာလိုက်သည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါခရီးသွားလမ်းကြောင်းအစီအစဉ်အရ ဂျာမနီ(သို့မဟုတ်)ဘရူနိုင်းမှ ထွက်ခွာလာသော ကာကွယ်ဆေး အပြည့်အဝထိုးနှံ့ပြီးသူ ခရီးသွားဧည့်သည်များအနေဖြင့် စင်ကာပူနိုင်ငံသို့ stay-home သတိပေးစာမလိုဘဲ ပြည်ဝင်ခွင့်ရရှိမည်ဖြစ်သည်။

Pfizer-BioNTech,Moderna(သို့မဟုတ်)ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ်သုံးရန် ခွင့်ပြုထားသော ကာကွယ်ဆေးကို ရက်သတ္တနှစ်ပတ် အပြည့်အဝထိုးနှံပြီးသူကိုသာ စင်ကာပူသို့ ဝင်ခွင့်ပေးမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးရသေးသည့် အသက် ၁၂ နှစ်အောက် ကလေးကိုမူ ယခုအစီအစဉ်အရ ခွင့်ပြုမည်မဟုတ်ပေ။

လတ်တလော စည်းကမ်းချက်များအရ လိုအပ်သည့်စမ်းသပ်စစ်ဆေးမှု မခံယူဘဲ ပျက်ကွက်လျှင် စင်ကာပူနိုင်ငံ တွင် ပြဋ္ဌာန်းထားသော ကူးစက်ရောဂါဆိုင်ရာဥပဒေအရ စွဲချက်တင်ရန် လုံလောက်မည့် ပြစ်မှုဟုဆိုသည်။ ယင်းစည်းကမ်းချက်များကို မလိုက်နာပါက stay-home သတိပေးစာထုတ်ပြန်၍ ရောဂါရှိ/မရှိ သီးခြား စောင့်ကြည့်ခြင်း(Quarantine)ဝင်စေမည်ဖြစ်ကြောင်း စင်ကာပူအာဏာပိုင်များက ပြောကြားထားသည်။

ကာကွယ်ဆေးထိုးနှံပြီးသူများကို ခွင့်ပြုမည့် ခရီးသွားလမ်းကြောင်းအနေဖြင့် အပန်းဖြေခြင်း၊ စီးပွားရေး အလုပ်ကိစ္စဖြင့် လာရောက်ခြင်းစသည့် မည်သည့်အကြောင်းပြချက်နှင့်မဆို ခွင့်ပြုသွားရန် ရည်ရွယ်ထားကြောင်း စင်ကာပူလေကြောင်းအာဏာပိုင်အဖွဲ့(CAAS)က ပြောသည်။

Source: Channel News Asia

#စင်ကာပူနိုင်ငံ

#ကာကွယ်ဆေး

#covid-19

#ခရီးသွား

#ဂျာမနီ

#ဘရူးနိုင်း

#cninews

#CNIMyanmar

#ChannelNewsIndependent