CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၆
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် ဆေးနှင့် ဆက်စပ်ပစ္စည်းများကို လှူဒါန်းခဲ့ပြီး သြဂုတ် ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ရန်ကုန်မြို့သို့ မြန်မာ့အမျိုးသားလေကြောင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယနေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ သည်။
အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးပို့ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပစ္စည်းများမှာ Oxygen Concentrator (၅၁)လုံး၊ Pulse Oximeter(၉၀၀)ခု၊ Patient Monitor (၁၀)ခု၊ Surgical Mask သုံးသိန်း(၃၀၀၀၀၀)ခု၊ Nasal Oxygen Cannula (၂၅၀၀၀)ခု၊ Rapid Antigen Test Kit (၁၈၀၀၀)ခု၊ Body Bag (၃၈၅)ခုနှင့် PPE Coverall (၁၇၆၀)ခု စသည့် ပစ္စည်း (၈)မျိုး စုစုပေါင်း တန်ချိန် ၅ တန်ကျော်ကို မြန်မာ့အမျိုးသားလေကြောင်း(MNA) ကယ်ဆယ် ရေး လေယာဉ်ဖြင့် နယူးဒေလီမှ ရန်ကုန်မြို့သို့ ပို့ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဆိုသည်။
ပုံ-အိန္ဒိယအစိုးရမှ လှူဒါန်းသည့် ပစ္စည်းများကို သက်ဆိုင်ရာတာ၀န်ရှိသူများ လက်ခံရယူစဉ်(အိန္ဒိယသံရုံး-fb)
အိန္ဒိယအစိုးရမှ လှူဒါန်းသည့် ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ယနေ့ ညနေပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
#အိန္ဒိယ #မြန်မာ #ကိုဗစ်၁၉ #ဆေး #အောက်ဆီဂျင် #Mask #လှူဒါန်း #CNImyanmar #cninews #ChannelNewsIndependent