CNI NEWS
၂၀၂၁ခုနှစ်၊ သြဂုတ် ၁၆
ကိုဗစ်-၁၉ အဝါရောင်အဆင့် သတ်မှတ်ထားသည့် ရွှေလီရှိ မြန်မာနိုင်ငံသား ၁၀၀ ကျော် နေရပ်ပြန်ရန်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ်ပေါက်ဖြစ်သည့် နန်းတော်ပေါက်အား ယနေ့ (သြဂုတ် ၁၆ ရက်) တစ်ရက် ဖွင့်ပေးကြောင်း သိရသည်။
ရွှေလီရှိ မြန်မာနိုင်ငံသားများသည် နေရပ်ပြန်ရန် တောင်းဆိုသောကြောင့် နှစ်နိုင်ငံ သသောတူညီမှုဖြင့် ယခုကဲ့သို့ ဂိတ်ပေါက် ဖွင့်ပေးခြင်းဖြစ်ကြောင်း ရွှေလီရှိ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုချမ်းမြေ့က CNI သတင်းဌာနသို့ ပြောသည်။
ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုချမ်းမြေ့က “တရုတ် အစိုးရကနေပြီးတော့ နယ်စပ်စီမံခန့်ခွဲမှုကော်မတီ ကနေပြီးတော့ ဒီမူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီကို သတင်းပို့ပြီးမှ သူတို့ နှစ် နိုင်ငံ လွှဲပြောင်းလက်ခံရယူတာပါ။ ဘာကြောင့် ပြန်ဖွင့်ပေးတာလဲဆိုတော့ မြန်မာနိုင်ငံသားတွေက ပြန်ဖို့ရာ အတွက် တောင်းဆိုလို့။ အလုပ်အကိုင်တွေမရှိတော့ သူတို့ အဆင်မပြေကြတော့လို့လေ။ သူတို့တွေက အဲ့ အတွက် လောလောလတ်လတ် ပြန်ချင်တဲ့သူတွေ ဒုက္ခရောက်မှာစိုးလို့ ဒီဘက်က ဦးစားပေးအနေနဲ့ ပြန်လုပ်ပေး တာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ ရောဂါပိုးတွေက အဝါရောင်ဇုန်အဖြစ် သတ်မှတ်ထားလို့လေ” ဟု ပြော သည်။
တရုတ်နိုင်ငံဘက်မှ ပြန်လာသည့် သူများမှာ ရွှေလီ(တရုတ်နိုင်ငံ)ဘက်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေး ပြီးသူများဖြစ်၍ ရောဂါပိုးမရှိသူများ ဖြစ်ကြောင်း၊ ရွှေလီတွင် တရုတ်နိုင်ငံသားပါမက မြန်မာနိုင်ငံသားများကိုပါ တစ်ရက်ခြားတစ်ခါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး မှု ပြုလုပ်ပေးကြောင်း သိရသည်။
ထို့နောက် ထပ်မံ နေရပ်ပြန်မည့် သူများကိုလည်း သင့်လျော်သလို ပို့ဆောင်ပေးမည်ဟု ကြားသိရကြောင်း ကိုချမ်းမြေ့က ဆိုသည်။
“ဒီတစ်ခါတော့ သူတို့ အချိန်နဲ့ကိုက်ပြီး ပို့လောက်တယ်။ ဘာလို့ဆို ဒီတစ်ခါက လူဦးရေ ၁၀၀ ကျော်ကျော်ပဲ ပို့နိုင်မယ်ထင်တယ်။ အချိန်က သိပ်ပြီးမရဘူးလေ။ Lockdown ကာလဆိုတော့။ နောက်ထပ်က အခု လောလော ဆယ် ဒီတစ်သုတ်ပဲ။ နောက်ကျ စုရပ်တွေလုပ်ပြီး သူတို့ ပို့မယ်ထင်တယ်။ ဟိုလို ပုံမှန် နေ့တိုင်းလိုလိုတော့ ဖွင့် မယ် မထင်ဘူးဗျ။ ဒီဘက်မှာလည်း ရောဂါပိုး ကူးစက်မှုက မြင့်တက်နေတော့လေ”ဟု ကိုချမ်းမြေ့က ဆိုသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ်ပေါက်များအား ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ တရုတ်ဘက်မှ ပိတ်ထား သည်။
တရုတ်-မြန်မာနယ်စပ် ရွှေလီဘက်ခြမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေသည့်အတွက် Lockdown ချမှတ် ထားကြောင်း၊ ထိုသို့ Lockdown ချမှတ်ထားသည့်အတွက် လုပ် ငန်းများရပ်နားထားရပြီး မြန်မာနိုင်ငံသား တချို့ အလုပ်လက်မဲ့ဖြစ်နေကြောင်း၊ ထို့နောက် နေထိုင်စားသောက်ရေး အခက်အခဲများလည်း ရှိနေကြောင်း ကိုချမ်းမြေ့က ပြောသည်။
သို့သော် တရုတ်အစိုးရမှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စသည်တို့အား တစ်ပတ် တစ်ကြိမ် ထောက်ပံ့ပေးကြောင်း သိရသည်။
#တရုတ်
#မြန်မာ
#နယ်စပ်
#တရုတ်နန်းတော်ပေါက်
#လူတစ်ရာကျော်
#နေရပ်ပြန်ခွင့်ရ
#ကိုဗစ်၁၉
#CNImyanmar
#cninews
#ChannelNewsIndependent