CNI News
၂၀၂၁ ခုနှစ်၊သြဂုတ် ၁၄


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဆောင်ရွက်နေခြင်းနှင့် အတူ ကိုဗစ်-၁၉ သြဂုတ် ၁၃ ရက် ည ၈ နာရီမှ သြဂုတ် ၁၄ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၀၃၄)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၄၁၉ ဦးတွေ့ရှိရပြီး ထပ်မံသေဆုံးသူ ၁၉၉ ဦးရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃ သန်းကျော်(၃,၃၃၆,၈၆၀ ခု)အား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း ၃ သိန်းကျော် (၃၅၁,၆၀၅ ဦး)ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ(၄,၅၆၈)ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၂ သိန်းကျော် (၂၆၇,၇၄၀ ဦး) ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၉၉ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁ သောင်းကျော် (၁၃,၀၇၈ ဦး) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်ရန်အတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင် သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနက တိုက်တွန်းထားသည်။


ကျန်းမာရေးဝန်ကြီးဌာနက “ မိမိတို့ နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြပါရန် လိုအပ်ပါသည်”ဟု ဆိုသည်။


လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ကိုဗစ်ကာကွယ် ဆေးများကို တရုတ်နိုင်ငံ အပါအဝင် ရုရှားနှင့်အိန္ဒိယနိုင်ငံများမှ WHO အသိအမှတ်ပြု ကာကွယ်ဆေးများ မှာ ယူကာ မြန်မာနိုင်ငံသူ/ သားများကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကာ လူဦးရေ ၂ သန်းကျော် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။


#ကိုဗစ်၁၉ #ကျန်းမာရေး #ကျန်းမာရေးဝန်ကြီးဌာန #ပိုးတွေ့လူနာ #သေဆုံး #CNImyanmar #cninews #ChannelNewsIndependent