CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၄


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကပ်ဘေး အန္တရာယ်ကို ပြည်သူလူထုနှင့်အတူတကွ ခုခံ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော့ စသည့် မြို့များသို့ ပုံမှန် ခရီးသွားလာခြင်းကို သြဂုတ် ၁၅ ရက်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ကချင်လွတ်လပ် ရေးတပ်မတော်(KIA)က ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် ပူတာအိုမြို့သို့ လေကြောင်းခရီး လိုက်ပါစီးနှင်းခြင်း မပြုကြရန်၊ လူစုလူဝေး မပြုလုပ် ကြရန်နှင့် စားသောက်ဆိုင်များ Parcel စနစ်ဖြင့် ရောင်းချရန်၊ ကုန်တင်ယာဉ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြန်းခြင်းဖြင့် ဖြတ်သန်းခွင့်ပြုမည်ဟု ဆိုထားသည်။


အလားတူ ကုန်စည် စီးဆင်းမှုအတွက် ကုန်တင်ယာဉ်တစ်စီးတွင် ယာဉ်မောင်းနှင့် စပယ်ယာ(၂) ဦးသာ လိုက်ပါ ခွင့်ပြုမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါစစ်ဆေး၍ ရောဂါပိုးတွေ့ရှိပါက ဖြတ်သန်းခွင့်ပြုမည်မဟုတ်၊ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်၊ ပူတာအိုသို့ ကုန်တင်ယာဉ်ဖြတ်သန်းမှုကို နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်း ခွင့်ပြုမည်၊ ကန့်သတ်ချက်များကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေပေါ် မူတည်၍ ဖြေလျှော့မည် ဟု KIA က ဆိုသည်။


အထက်ပါ အသိပေးချက်များကို လိုက်နာရန် ပျက်ကွက်သော မည်သူမဆို ဖြစ်ပေါ်လာမည့် ပြဿနာ မိမိတာဝန်သာဖြစ်သည်ဟု KIA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


#KIA #ခရီးသွားလာမှုပိတ်ပင် #ကချင်ပြည်နယ် #ကိုဗစ်၁၉ #မြန်မာနိုင်ငံ #CNImyanmar #cninews #ChannelNewsIndependent