CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ်- ၁၄

 ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာန ချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။

ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နေ့ ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၇၅ ဦးနှင့် အမျိုးသမီး ၁၅၀ ဦး စုစုပေါင်း ၃၂၅ ဦးအားလည်းကောင်း၊ ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၇ ဦး၊ အမျိုး သမီး ၄ ဦး၊ စုစုပေါင်း ၂၁ ဦးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၂၄၃ ဦးနှင့် အမျိုးသမီး ၂၀၆ ဦး စုစုပေါင်း ၄၄၉ ဦးအားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၈၃ ဦး နှင့် အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၄၃ ဦးအားလည်းကောင်း အသီးသီး လက်ခံထားကြောင်းလည်း သိရှိရသည်။

 အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။

 

#ကိုဗစ်

#အတည်ပြုလူနာ

#စောင့်ကြည့်လူနာ

#ကျန်းမာရေးဝန်ကြီးဌာန

# Quarantine Center

#ပရဟိတအဖွဲ့အစည်း

#CNINews

#CNIMyanmar

#ChannelNewsIndependent