၂၀၂၁ခုနှစ်၊ သြဂုတ် ၉
လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများအား ယနေ့ (သြဂုတ် ၉) မှစ၍ လာအိုဘက်တွင် COVID 19 စစ်ဆေး၍ ပိုးမတွေ့သူများကိုသာ မြန်မာဘက်က လက်ခံတော့မည်ဖြစ်ကြောင်းသိရသည်။
သြဂုတ် ၈ရက်နေ့က တာချီလိတ်မှ စစ်ဗျူဟာအခြေချ (တာချီလိတ်) စစ်ဗျူဟာမှူးဦးဆောင်သည့် အာဏာပိုင်အဖွဲ့က လာအိုနိုင်ငံ တုန်ဖိန်းမြို့တွင် လာအိုတာဝန်ရှိသူ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် သွားတွေ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က CNI သတင်းဌာနသို့ ပြောသည်။
တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က “အဓိကကတော့ ကျွန်တော်တို့နိုင်ငံဘက်မှာလည်း ရောဂါပိုးတွေ့တာများတယ်။ ကျွန်တော်တို့ တာချီလိတ်မှာလည်း ရောဂါပိုးတွေ့တာက အဓိက များတာပေါ့နော်။ ဒေသခံမှာလည်း ရောဂါပိုးတွေ့နေတယ်။ ဟိုဘက်ကဝင်လာတာမှာလည်း ရောဂါပိုးတွေနဲ့ အများကြီး ဝင်လာလို့ရှိရင် ဒေသမှာလည်း ထားရတဲ့ Positive စင်တာတွေ ကုသတာတွေက အများကြီးကျ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်တယ်လေ။ ကျွန်တော်တို့က ဘာကို အဓိက ဆွေးနွေးလိုက်လဲဆိုတော့ ဟိုဘက်မှာ ပြန်လာချင်တဲ့သူတွေကို ဆေးစစ်တယ်။ ဆေးစစ်လိုက်တော့ ပိုးတွေ့တဲ့သူက Positive ဆိုရင် ဟိုဘက်နိုင်ငံမှာ ၁၄ရက် ကွာရန်တင်းဝင်ပြီးတော့ နေရမယ်။ ၁၄ရက်ပြည့်တာနဲ့ အပြန်စာရင်း ပါပြီးသားဖြစ်တဲ့အတွက် သူတို့ကို ဦးစားပေးပြီး ပြန်ခေါ်မှာပါ” ဟု ဆိုသည်။
ယနေ့ (သြဂုတ် ၉) ပြန်လာမည့် သူများသည် လာအိုနိုင်ငံတွင် COVID-19 ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးရမည်ဖြစ်သဖြင့် ပြန်လာခွင့်မရသေးကြောင်း သိရသည်။
သို့သော် သြဂုတ် ၈ရက်နေ့အထိ နေရပ်ပြန်သည့် မြန်မာလုပ်သားများအား လာအိုနိုင်ငံဘက်မှ PCR စက်ဖြင့် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကာ ရောဂါပိုးမရှိသူများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ထိုသူများအား ထပ်မံစစ်ဆေးသည့်အခါတွင် ရောဂါပိုးရှိသူများ တွေ့ရှိရကြောင်း သိရသည်။
တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က “စစ်ထားပြီးတဲ့အချိန်ကျတော့ တစ်ရက် နှစ်ရက် သုံးရက်ပေါ့ စသည်ဖြင့် အဲ့လိုလည်း ရှိတယ်။ နောက် ဟိုဘက်မှာ တချို့အခြေအနေတွေက စစ်ပြီးတဲ့သူနဲ့ မစစ်ရသေးတဲ့သူနဲ့ ရောတဲ့အခြေအနေတွေရှိတယ်။ ရှိတော့ သူတို့စစ်ထားတယ်လို့ပြောတော့ ကိုယ့်ဘက်ကို ရောက်လာလို့ရှိရင် ပြန်စစ်လိုက်လို့ရှိရင် ရောဂါပိုးက တွေ့တာပဲ။ ဒါက ကူးစက်မြန်ရောဂါဖြစ်နေတဲ့အခါကျတော့ ထိလိုက်တွေ့လိုက်တာနဲ့ ၂ရက် ၃ရက်ဆို ရောဂါလက္ခဏာက ပြတာပေါ့” ဟု ပြောသည်။
ယခင်က လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများကို COVID - 19 ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ အားလုံးကို ဇူလိုင် ၃၀ရက်နေ့မှစ၍ အသုတ်လိုက်ခွဲကာ လက်ခံမည်ဟု မြန်မာဘက်မှ ဗျူဟာမှူးဦးဆောင်သည့် အဖွဲ့က လာအိုတာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန်ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆွေးနွေးစဉ် ပြောကြားထားခဲ့ခြင်းဖြစ်သည်။
ထိုသို့ သဘောတူညီထားသော်လည်း ရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီက နေရပ်ပြန်လိုသူများအား COVID - 19 စစ်ဆေးပြီးမှ ပြန်ပို့နေခဲ့ရာ နေရပ်ပြန်ရန် စာရင်းပေးထားသူအများအပြား နေရပ်ပြန်ရန် အခက်အခဲဖြစ်ခဲ့ကြပြီးနောက် ဩဂုတ် ၆ရက်နေ့တွင် မြန်မာလုပ်သားထောင်ပေါင်းများစွာက ကုမ္ပဏီအား ဆန္ဒပြခဲ့ကြသည်။
လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများအား ဇူလိုင် ၃၀ရက်နေ့တွင် ပထမဆုံးအကြိမ် ၃၃ ဦး စတင်လက်ခံခဲ့ပြီး ၁ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကာ ဒုတိယအကြိမ် ၂၂၁ ဦးလက်ခံရာတွင် ၂၇ဦးတွင် ပိုးတွေ့ရှိကြောင်း၊ တတိယအကြိမ်တွင် ၁၆၇ ဦး လက်ခံပြီး ၈၃ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း၊ စတုတ္ထအကြိမ် ၂၇၆ဦး လက်ခံရာတွင် ၃၇ ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။
#CNINews
#CNIMyanmar
#ChannelNewsIndependent
#Laos
#Myanmar
#Tachileik
#GoldenTriangle
#Labour
#MyintNaing
#Covid