CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၀
Covid-19 ကပ်ရောဂါကာလအတွင်း လခစားဝန်ထမ်းများ မိမိနေအိမ်မှနေ၍ အလုပ်လုပ်ပေးရခြင်း(Work from Home-WFH) သည် တချို့တလေအတွက် အဆင်မပြေလှပေ။ အိမ်ကို ရုံးဟု မှတ်ယူရခြင်း၊ အလုပ်နှင့်အိမ်အကြား တစ်ဆင့်ခံဆက်သွယ်နေရခြင်းနှင့် ကွန်ပျူတာ၊ ဖုန်းဖန်သားပြင်ကိုသာ အာရုံစိုက်ရ၍ အားလပ်ချိန် နည်းပါးခြင်း တို့က မျက်စိအားစိုက်ထုတ်ရခြင်းကြောင့် မျက်စိထိခိုက်စေခြင်း (သို့မဟုတ်) အမြင်အာရုံအစက်အပျောက် ဖြစ်ပေါ်စေခြင်းစသည့် အကျိုးရလဒ်များ ရှိနေကြောင်း မျက်စိအထူးကုဆရာဝန်များက Channel News Asia သို့ ပြောကြားခဲ့ကြသည်။
“အရင်တုန်းက ရုံးမှာ နေ့လယ်စာစားချိန်ဆို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်ခဏထွက်တာ ဖန်သားပြင်ပေါ်ကနေ မျက်စိအနားရစေပါတယ်။ အခု work from home မှာလည်း ဖုန်းပေါ်၊ ကွန်ပျူတာပေါ် တောက်လျှောက် မကြည့်မိစေဖို့ မေ့လျော့နေတတ်ကြပါတယ်” ဟု မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာချောင်က ပြောသည်။ ဒေါက်တာချောင်သည် စင်ကာပူနိုင်ငံ၊ အတွင်းတိမ်နှင့်မျက်စိအထူးကုဌာနမှ အတိုင်ပင်ခံ ဆရာဝန်ကြီးဖြစ်သည်။
အိမ်မှနေ၍ အလုပ်လုပ်ရခြင်းသည် နေအိမ်ဝန်းကျင်တွင် ကွန်ပျူတာဖြင့် ကြာရှည်လုပ်လုပ်ရခြင်းကြောင့် လုပ်ငန်းခွင့်မြှင့်တင်မှုရှုထောင့်မှ ကြည့်လျှင်လည်း အံဝင်ခွင်ကျ မဖြစ်လှပေ။ ရုံးဌာနများတွင် ရရှိသောအလင်းရောင်မျိုး အချို့နေအိမ်တိုက်ခန်းများတွင် မရရှိနိုင်သည့် အခက်အခဲလည်း ကြုံရနိုင်သည်။
အခြားပြဿနာတစ်ခုမှာ ရုံးကဲ့သို့ သတ်မှတ်ချိန်မရှိသဖြင့် အိမ်ထဲထိုင်နေရင်း အလုပ်ပိုလုပ်မိခြင်းမျိုးလည်း ဖြစ်စေနိုင်ကြောင်း Atlas မျက်စိအထူးကုဌာနမှ ဝါရင့်မျက်စိခွဲစိတ်ဆရာဝန် ဒေါက်တာဒေးဗစ်ချန်းက ပြောကြားခဲ့သည်။
“အိမ်ကနေ အလုပ်လုပ်တဲ့အခါ လက်ပ်တော့တွေ၊ မိုဘိုင်းဖုန်းတွေစတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေသုံးရတော့ ဖန်သားပြင်နဲ့ မျက်စိနဲ့ အကွာအဝေးကိစ္စက နည်းနည်းစကားပြောတယ်ဗျ။ ရုံးက ကွန်ပျူတာလောက် အားမရလို့ အိမ်ကစက်မှာ မှုန်မှုန်ဝါးဝါး ဖြစ်တာမျိုး ကြုံနိုင်တယ်။ အဲဒါက မျက်စိကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာ။ ဒါကြောင့် အမြင်အာရုံဆိုင်ရာကျန်းမာရေးကို သိသိသာသာ ထိခိုက်စေပါတယ်” ဟု ဒေါက်တာဒေးဗစ်ချန်းက ရှင်းပြသည်။
ထို့ပြင် ရုံးသူရုံးသားအချင်းချင်း အွန်လိုင်းအစည်းအဝေးလုပ်ကြရခြင်းကြောင့် ဖန်သားပြင်ကြည့်ရှုချိန် ပိုတိုးလာစေသည်။ မလိုလားအပ်ဘဲ ဖန်သားပြင်ကြည့်ရှုချိန်တိုးလာခြင်းက အမြင်အာရုံထိခိုက်စေကြောင်း မျက်စိဆရာဝန်များက တညီတညွတ်တည်း မှတ်ချက်ချကြသည်။
၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှ ယခုနှစ် မေလအကြား မျက်စိတွင် ခြောက်သွေ့ခြင်း၊ မျက်ရည်ခမ်းခြင်းနှင့် မျက်ကြည်လွှာအစားထိုးရခြင်းတို့စသည်တို့ကြောင့် မိမိထံရောက်ရှိလာသည့် လူနာ ၂၀ ရာခိုင်နှုန်းတိုးလာကြောင်း ဒေါက်တာဒေးဗစ်ချန်းက ပြောသည်။ ထိုက်သင့်သည့် အားလပ်ချိန်မရှိဘဲ အလုပ်ကိုသာ အာရုံစိုက်နေရသဖြင့် မျက်တောင် သိပ်မခတ်မိ၍ မျက်စိခြောက်သွေ့ခြင်းဖြစ်ပေါ်စေကြောင်း ၎င်းက တဆက်တည်း ရှင်းပြသည်။ ထို့ပြင် နှာခေါင်းစည်း mask တပ်ရခြင်းကြောင့် နှာခေါင်းမှထွက်လာသော လေသည် mask အပေါ်ခြမ်းမှဖြတ်၍ ပြင်ပသို့ ထွက်ရသဖြင့် မျက်စိကို ပိုမိုခြောက်သွေ့စေသည်။ မျက်စိမခြောက်သွေ့စေရန် မျက်တောင်များများ ခတ်ပေးဖို့ လိုကြောင်း ဒေါက်တာဒေးဗစ်ချန်းက တိုက်တွန်းသည်။
မျက်စိကို ပင်ပန်းနွမ်းနယ်စေသည့်အကြောင်းတရားများထဲတွင် အလင်းရောင်မလုံလောက်ခြင်း (သို့မဟုတ်) စူးရှတောက်ပသည့်လုပ်ငန်းခွင်တွင် လုပ်ကိုင်ရခြင်း၊ ဖုန်းမျက်နှာပြင်ကဲ့သို့ သေးငယ်သောစာလုံးအရွယ်အစားကို အားစိုက်ဖတ်ရခြင်းတို့လည်း အပါအဝင်ဖြစ်သည်။
ဆရာဝန်များက ဒစ်ဂျစ်တယ်မျက်စိရောဂါဟု အမည်ပေးထားသော ဖုန်းနှင့်ကွန်ပျူတာ ဖန်သားပြင်တို့ကြောင့် မျက်စိထိခိုက်စေခြင်းသည် ယခုလို WFH ကာလများတွင် ၃၅ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရသည်။
ထို့ကြောင့် အိမ်နေ၍ ရုံးအလုပ်လုပ်သည့်အခါ အချိန်အကန့်အသတ်ဖြင့် စနစ်တကျ လုပ်ခြင်းက မျက်စိ ပိုမိုသက်သာစေနိုင်ကြောင်း ဆရာဝန်များက အကြံပြုထားကြသည်။
Source: Channel News Asia