ထိုသို့ လုပ်ဆောင်ခြင်းသည် တော်တော်လေးထိရောက်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်းမှာ အနည်းငယ်လျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ဆက်တိုက် ဆပွားဆပွားတက်တော့ Graph ကြီးက ထောင်တာပေါ့နော်။ ထောင်တာက အဆုံးမရှိ ထောင်လို့ရတယ်။ ဒါ အိန္ဒိယတို့ ဘာတို့မှာ ဖြစ်တဲ့အနေအထားတွေပေါ့။ ဒါမယ့် အခုကျနော်တို့ဆီမှာ အဲ့ဒီ ထောင်တာကြီးကလည်း အခုပြေလာတယ်။ ပြေလာပြီးတဲ့အခါကျတော့ Graph ရဲ့သဘောကို ကြည့်ရင် တန်းလာတယ်။ ဖြစ်ပွားတဲ့လူဦးရေရယ် သေဆုံးတဲ့ လူဦးရေရယ် စပြီး လျော့ကျလာတဲ့သဘောပေါ့။ ပိုးတွေ့နှုန်းဆိုလည်း ၃၀ရာခိုင်နှုန်းပတ်ဝန်းကျင်၊ ပိုးတွေ့ရှိတဲ့သူဆိုလည်း သုံးထောင်ပတ်ဝန်းကျင်ပေါ့။ ခုနှစ်ထောင်အထိ တက်ခဲ့တဲ့ အနေအထားကနေပြီးတော့လေ။ ဒီဟာတွေက ကောင်းတဲ့လက္ခဏာတွေဗျ။ ဒီအချိန်ကတော့ ကျနော်တို့က ပိတ်ရက်ရှည်တွေရဲ့ ထိရောက်မှုကတော့ တော်တော်ကို သိသာတာပေါ့”ဟု ပြောသည်။

သို့သော် ထိုပိတ်ရက်ရှည်များသည် မြို့ကြီးများတွင် လိုက်နာမှုအားကောင်းသော်လည်း အချို့ မြို့ငယ်များတွင် လိုက်နာမှု အားနည်းနေကြောင်း သိရသည်။

ကိုဗစ်ရောဂါကူးစက်မှု လျော့ကျနေသည့်အတွက် ပြည်သူများအနေဖြင့်လည်း ပေါ့ပေါ့ဆဆမနေသင့်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

“ဒီရောဂါက အင်မတန်မှ အင်အားကောင်းတဲ့ စပရိန်နဲ့ တူတယ်ပေါ့နော်။ ကူးစက်နှုန်းက တအားမြန်တာပေါ့။ ကျနော်တို့က လက်ရှိအနေအထားအရ စပရိန်ကြီးကို ဖိထားတဲ့အနေအထားပေါ့။ ဖိထားတဲ့အနေအထားမှာ ရုတ်တရက်လွှတ်လိုက်ရင် စပရိန်က အရှိန်အဟုန်နဲ့ ပြန်ကန်ရင် ကျနော်တို့က ပိုတောင်မှ ဆိုးဆိုးရွားရွားခံစားရနိုင်တယ်။ အဲ့တော့ ဒီဟာကြီးကို ကျနော်တို့က ဖိထားပြီးတော့ ခုနက လိုက်နာမှုတွေပေ့ါ  စည်းကမ်းတင်းကျပ်မှုတွေ ဖိထားတဲ့အတွက် သူက ဝပ်နေတာပေါ့။ အဲ့ချိန်မှာ ကျနော်တို့က လျှော့လိုက်ရင် သူက ဝုန်းကနဲ အရှိန်အဟုန်နဲ့ တက်လာမှာပေါ့။ ဒါကို ကျနော်တို့က သတိထားပြီးတော့ လွှတ်ရင်တောင်မှ ဖြေးဖြေး ဖြေးဖြေးချင်း၊ ဒါမဟုတ်လည်း သူ့ကို အဆုံးအထိ ဒီစပရိန်ကြီး ကျိုးပြတ်သွားတဲ့အထိ ဖိထားနိုင်ပြီးတော့မှ ဖြေးဖြေးချင်းပြန်လွှတ်တဲ့ဟာ ဒါ ကူးစက်ရောဂါ ထိန်းချုပ်တဲ့ ကပ်ရောဂါတစ်ခု ထိန်းချုပ်တဲ့ နိယာမပေါ့” ဟု ၎င်းက ပြောသည်။

သြဂုတ်လ ၉ရက် ညနေပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ ၃၆၁၁ ဦးရှိကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၄ သန်း မှာယူထားရာ ဒုတိယအသုတ်အနေဖြင့် သြဂုတ် ၈ရက်နေ့က တရုတ်နိုင်ငံကနေ Sinovac ကာကွယ် ဆေး အလုံး ၁ သန်း ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို မြန်မာနိုင်ငံရှိ လူ ၂ သန်းဝန်းကျင်ကို ထိုးနှံပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

 

#CNINews #CNIMyanmar #ChannelNewsIndependent #DrMyatWannaSoe #Sinovac #Covid19 #Health #Graph #DrThanNaingSoe #ThirdWav