CNI News
၂၀၂၁ ခုနှစ်၊သြဂုတ် ၁၁
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) ကျန်းမာရေး မကောင်းသည့်အတွက် တပ်မတော်ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူနေရသည်ဆိုသော သတင်းများထွက်ပေါ်နေသည့်တိုင် တပ်မတော်နှင့် မိသားစု အသိုင်းအ၀န်း များဖြင့် နီးစပ်သူများကတော့ ကောလာဟလ သတင်းသာ ဖြစ်ကြောင်းပြောသည်။
သတင်းဌာနများနှင့် လူမှုကွန်ယက်များတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)သည် ကျန်းမာရေး မကောင်းသည့်အ တွက် တပ်မတော်စစ်ဆေးရုံ ကုတင် (၁၀၀၀- သိုက်ချောင်း)တွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောသည်ဟု ရေးသား ဖော်ပြလျက်ရှိနေကြသည်။
မိသားစုနှင့် နီးစပ်သူ တပ်အရာရှိဟောင်းတစ်ဉီးက “ ကျနော့်ကို အဲသတင်းနဲ့ပတ်သက်ပြီး လာမေးကြတယ်၊ ကျနော် လည်း ပြန်လိုက် စုံစမ်းတော့ သတင်းက ကောလာဟလဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ အိမ်မှာလည်း ဘာမှ ထူးခြားတာမတွေ့ရဘူး။ ပုံမှန်အခြေအနေပဲ၊ လမ်းလျှောက်တယ်၊ အိမ် အဝင်အထွက်ကလည်း ပုံမှန်အတိုင်းပဲ သွားလာနေကြတာပါပဲ။ ဒါကြောင့် ကောလာဟလ သတင်းသာ ဖြစ်ပါလိမ့်မယ်”ဟု ပြောသည်။
တပ်မတော်နှင့်နီးစပ်သူ တစ်ဉီးကလည်း “ကောလာဟလပါ၊ ပုံမှန် ဆေးစစ်တာမျိုးတော့ ရှိတာပေါ့၊ ဉပမာ- သွား သွားစစ်တာမျိုးဆိုရင်တော့ ဆေးရုံတော့ သွားရတာမျိုးရှိနိုင်တာပေါ့၊ များသော အားဖြင့်တော့ ဆရာ၀န်က အိမ် ကို လာလာပြီးတော့ ကျန်းမာရေး စောင့်ရှောက်ပေးတာ။ အခု အိမ်မှာရှိတယ်လို့ကြားရတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)သည် ၁၉၉၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သူ ဖြစ်ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီးနောက် အငြိမ်းစားယူသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အငြိမ်းစား ယူပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)သည် နေပြည်တော်ရှိ ၆ လုံးတန်းဟု နာမည် ကျော်လှသည့် နေအိမ်တွင် နေထိုင်လျက်ရှိသည်။
# ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) #ကျန်းမာရေး #ကောလာဟလ #မြန်မာနိုင်ငံ #နေပြည်တော် #CNImyanmar #cninews #ChannelNewsIndependent