CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် - ၅

ကိုဗစ် - ၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေးနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပြည်သူလူထုအားလုံးရရှိရေးအတွက် နိုင်ငံတကာအကူအညီ ရရှိရေးနှင့် နယ်စပ်ဖြတ်ကျော် သယ်ဆောင်ရေးများကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကာကွယ်၊ ကုသရေးအတွက် လိုအပ်ချက်များစွာ ရှိနေပြီး အောက်ဆီဂျင်အစ ရှိသင့်ရှိထိုက်သည့် ဈေးထက် အဆမတန် ကြီးမားနေကြောင်း PPST ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးဝင်းက CNI သတင်းဌာနကို ပြောသည်။

“လက်ရှိ ကိုဗစ် - ၁၉ ပြဿနာ တတိယလှိုင်းကို ရင်ဆိုဖို့ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ အရင်းအမြစ်တွေနဲ့ ရယူရမှာ ဖြစ်သလို သေချာတာကတော့ နိုင်ငံတကာအကူအညီလည်းပဲ ကျနော်တို့ ပြည်သူလူထု ရရှိရေးအတွက်ကို အင်မတန်မှ အရေးကြီးပါတယ်။ ဆိုလိုတာက ခုပြဿနာတွေက လိုအပ်ချက်တွေ အများကြီးပဲ။ အောက်ဆီဂျင်က အစ၊ အောက်ဆီဂျင်အိုးက အစ၊ ရှိသင့် ရှိထိုက်တဲ့ ဈေးထက် အဆမတန်ကြီးနေတဲ့ အနေအထားတွေပေါ့။ ကာကွယ်ရေး၊ ကုသရေးကိုလည်း စနစ်တကျမရနိုင်တဲ့ အခြေအနေကိုပေါ့။ ကာကွယ်ဆေးရရှိရေး ကိစ္စပေါ့နော်။ အိမ်နီးချင်းနိုင်ငံမှာဆိုရင် ကာကွယ်ဆေးတွေ ရနေကြပြီ။ ဟိုနိုင်ငံမှာ ဘယ်လောက်သန်းလှူတယ်၊ ဒီနိုင်ငံမှာ ဘယ်လောက်သန်း လှူတယ်ဆိုတာ၊ ကျနော်တို့ တိုင်းပြည်မှာ ဒါတွေ အခုထိ ပြည့်ပြည့်ဝဝ မရှိသေးဘူးပေါ့” ဟု ရဲဘော်မျိုးဝင်းက ပြောသည်။

လက်ရှိ နစကအနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်ဆေးအတွက် တတ်နိုင်သလောက် စီစဉ်နေတဲ့ အနေအထား ရှိနေသော်လည်း နိုင်ငံတကာအကူအညီရရှိရန် လိုအပ်ချက်များ ရှိနေသည်ဟု ၎င်းက ဆိုသည်။

NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၀)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်းဦးဆောင်အဖွဲ့ (PPST)မှ စုပေါင်းပြီး ကိုဗစ်ထိန်းချုပ်ရေးကော်မတီ(CSMC)ကို ယနေ့ ဇူလိုင် ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၃ သိန်းကျော်ရှိပြီး ကူးစက်ခံရပြီး သေဆုံးသူ (၁) သောင်းကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

#ကိုဗစ် - ၁၉ ကပ်ရောဂါ

#အောက်ဆီဂျင်

#ကာကွယ်ဆေး

#NCA

#CNI myanmar

#ChannelNewsIndependent