CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် - ၅

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန် Stay at Home ကိုယ့်အိမ်အတွင်း နေထိုင်ရမည့်ကာလအား ၂ ပတ် ထပ်တိုးကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှ ဩဂုတ် ၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ULA/AA မှ ရောဂါကူးစက်မှုနှုန်းကို လျော့ချနိုင်ရန် Stay at Home ကို ဩဂုတ် ၅ ရက်မှ ၁၈ ရက်အထိ ၂ ပတ်ကြာ ထပ်တိုးခဲ့ခြင်းဖြစ်သည်။

“Stay at Home ရက်သတ္တပတ် ၂ ပတ် ကာလသည် ရခိုင်ပြည်သူပြည်သားများအတွက် များစွာအကျိုးကျေးဇူးရှိပါသည်။ ကမ္ဘာ့နိုင်ငံအချို့ မြန်မာနိုင်ငံနှင့် ရခိုင်ပြည်၌ ရောဂါကူးစက်ခံရသူ၊ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်မှာ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် နှိုင်းယှဉ်သော် စံချိန်တင်ကူးစက်ခံရမှု၊ သေဆုံးမှုများပေမယ့်လည်း ယခုအချိန်တွင် ရခိုင်ပြည်၌ ရောဂါပိုးအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီး ထိရောက်မှုရှိပါသည်” ဟု ULA/AA က ထုတ်ပြန်ထားသည်။

အကယ်၍ Stay at Home (၂)ပတ် မသတ်မှတ်ပါက အောက်ဆီဂျင်လိုအပ်မှုမှာ ယခုထက် ပိုအခက်အခဲများ ဖြစ်စေနိုင်ပြီး မိသားစုချစ်စိတ်၊ မိမိရပ်ရွာ၊ တိုင်းပြည်ကို ချစ်သော စိတ်များဖြင့် လာမည့် (၂)ပတ်ကို စည်းလုံးညီညွတ်စွာဖြင့် ရင်ဆိုင်ဖြတ်ကျော်ရန် တိုက်တွန်းထားသည်။

ယခုကဲ့သို့ Stay at Home (၂) ပတ် သတ်မှတ်လိုက်ခြင်းကြောင့် အခြေခံလူတန်းစားများအတွက် ထိခိုက်မှု ရှိလာနိုင်ပြီး ၎င်းထိခိုက်မှုကို ကုသနိုင်ရန် ပြည်သူမှ ပြည်သူသို့ ပံ့ပိုးမှု အစီအစဉ်များ လုပ်ဆောင်ရန် လုပ်ဆောင်ရန် လိုအပ်သည်ဟု ရခိုင်တိုင်းရင်းသားကွန်ဂရတ်(REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဆိုသည်။

“အခုက ရွေးချယ်စရာက ၂ ခုဖြစ်လာတာပေါ့နော်။ တစ်ခုကတော့ လူမှုစီးပွားထိခိုက်မှာကို စိုးပြီးတော့မှ လူထုကို ပုံမှန်အတိုင်း ရှာဖွေလုပ်ကိုင်စားသောက်ဖို့အတွက် ခွင့်ပြုလိုက်မှာလား။ နောက်တစ်ခုကျတော့ Stay at Home သတ်မှတ်ပြီးတော့ ရောဂါထိန်းချုပ်နိုင်အောင်ကြိုးစားမှာလားဆိုတာ တစ်ခု။ ရွေးချယ်စရာနှစ်ခု ရှိတာပေါ့နော်။ ဘယ်ဟာကိုရွေးလည်း အကျပ်အတည်းကတော့ တစ်ခုမဟုတ် တစ်ခုတော့ ရှိတယ်။ ကူးစက်ခံရမှုကို စိုးရိမ်တဲ့အတွက် ထိန်းချုပ်လိုက်တယ်ဆိုလိုရှိရင် ကူးစက်မှုနည်းသွားမယ်။ လူမှုစီးပွားပြဿနာတွေ တက်လာမယ်။ အခြေခံလူတန်းစားတွေ အဓိကအားဖြင့် ထိခိုက်မယ်။ ဒါတွေကို တစ်ဖက်ကနေ ကုသဖို့ ပံ့ပိုးဖို့ ဒါမျိုးတွေကိုတော့ အားစိုက်ပြီး လုပ်ဖို့ လိုပါတယ်” ဟု ကိုဇော်ဇော်ထွန်းက CNI သတင်းဌာန ကို ပြောသည်။

ကိုဗစ် - ၁၉ ကာကွယ်ရန်အတွက် လူတိုင်းနားလည်သိရှိထားပြီးဖြစ်သော မဖြစ်မနေလိုက်နာရမည့် စည်းကမ်းများတွင် စားဝတ်နေရေးကိစ္စ၊ စျေးရောင်းစျေးဝယ်ကိစ္စ၊ နာရေးကိစ္စနှင့် မဖြစ်မနေသွားလာရမည့်ကိစ္စများအတွက် ကိုဗစ် - ၁၉ စည်းကမ်းနှင့် အညီ သွားလာကြရန် ULA/AA က တိုက်တွန်းထားသည်။

ထို့အပြင် ကိုဗစ်ကာကွယ်ဆေးအား အခွင့်အရေးရပါက မဖြစ်မနေထိုးထားကြရန်နှင့် ကိုဗစ်ကာကွယ်ဆေးထိုးသည့်အချိန်အတွင်းတွင် လူစုလူဝေးရှောင်ရှားပြီး ကိုဗစ် - ၁၉ စည်းကမ်းနှင့်အညီဆေးထိုးကြရန် ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အရက်ဆိုင်၊ ဂိမ်းဆိုင်များကဲ့သို့ လူစုလူဝေးဖြစ်ပေါ်စေသည့် နေရာများကိုလည်း ရှောင်ရှားသင့်ကြောင်း တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၄ ရက်နေ့အထိ ကိုဗစ်ကူးစက်သူ ၃၀၂၁ ဦးရှိပြီး ၂၃၉ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ရခိုင်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ (၂) သိန်းကျော်ရှိနေပြီး နေရပ်ပြန်သူ အနည်းငယ်သာရှိသည်ဟု ရခိုင်တိုင်းရင်းသားကွန်ဂရတ်(REC) မှ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

 

#CNI myanmar

#ChannelNewsIndependent

#ကိုဗစ် -၁၉ ရောဂါ 

#ULA/AA 

# ရခိုင်တိုင်းရင်းသားကွန်ဂရတ်(REC)

#ရက္ခိုင့်တပ်တော်