CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၄

တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့တွင် တစ်နှစ်ကျော်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ပြည်တွင်း ကူးစက်မှုအဖြစ် တကျော့ပြန်တွေ့ရ၍ အာဏာပိုင်များက မြို့နေလူဦးရေအားလုံးကို COVID-19 စစ်ဆေး သွားမည်ဖြစ်ကြောင်း todayonline.com ဝက်ဘ်ဆိုက်က ဩဂုတ် ၃ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် လအတန်ကြာ ၎င်း၏ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဒဏ်ကို ရင်ဆိုင်နေရပြီး ဝူဟန်မြို့နေသူ အားလုံးကို နေအိမ်အတွင်းမှာပဲ နေစေခြင်း၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခြင်း ဆောင်ရွက်နေရကြောင်း ဆိုသည်။ ပျံ့နှံ့မှုနှုန်း ပိုမိုမြန်သော အသွင်ပြောင်း Covid Delta မျိုးကွဲသည် ၎င်း၏ zero-covid ဗျူဟာနှင့် တရုတ်ပြည်တွင်းဖြစ်ကာကွယ်ဆေးများကို စိန်ခေါ်နေသည်။

photo credit –getty image

ပြီးခဲ့သည့်တစ်နှစ်တာအတွင်း ဘေဂျင်းအစိုးရသည် အဆိုပါဗိုင်းရပ်စ်ကို နှိမ်နင်းရာတွင် အောင်မြင်ခဲ့ကြောင်းနှင့် ပုံမှန်ဘဝသို့ ပြန်ရောက်ပြီဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားနေခဲ့ပြီး ကမ္ဘာတဝန်းလုံး ကပ်ရောဂါကြောင့် လူ ၄ သန်းကျော် သေဆုံးရချိန်တွင် တရုတ်စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့သည်။

သို့သော် ယင်းသို့ တရုတ်အောင်မြင်မှုများကို ခြိမ်းခြောက်လာခဲ့သည်မှာ ပြီးခဲ့သည့် ဇူလိုင်လလယ်မှစ၍ ကျန်စုပြည်နယ်၊ နင်ဂျန်းမြို့ရှိ လေဆိပ်သန့်ရှင်းရေးအဖွဲ့များတွင် ပြည်တွင်းကူးစက်ဖြစ်ပွားမှု ပြန်လည် တွေ့ရှိခဲ့ရပြီး ကူးစက်ခံရသူ ၄၀၀ ကျော်ရှိလာခဲ့သည်။ ပြည်နယ်ပေါင်း ဆယ်ဂဏန်းနှင့်ချီ၍ ကူးစက်ခံခဲ့ရသည်။

 Photo Credit - AP News

လူဦးရေ ၁၁ သန်းရှိသော ဝူဟန်မြို့တွင် နေထိုင်သူအားလုံးကို အပြည့်အဝ nucleic acid စမ်းသပ်မှုကို လျင်မြန်စွာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့အကြီးတန်းအရာရှိ လိတောင် (Li Tao) က ဩဂုတ် ၃ ရက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ဩဂုတ်လ ၂ ရက်နေ့က မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများအကြား ပြည်တွင်းကူးစက်မှု ၇ ခုတွေ့ခဲ့ရကြောင်း ဝူဟန်မြို့အာဏာပိုင်များက ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် အစောပိုင်းက ဝူဟန်မြို့တွင် ကမ္ဘာ့ပထမဆုံးကူးစက်ခံရမှုကို lockdown ချ နှိမ်နင်းပြီးနောက်ပိုင်း တစ်နှစ်ပတ်လုံး မြို့တွင်းကူးစက်မှုမရှိတော့ကြောင်း တရုတ်က သတင်းထုတ်ပြန်ခဲ့သည်။

 Photo Credit - the strait time

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ချောင်ကျားကျိ (Zhangjiajie) ဒေသအတွင်း ပြီးခဲ့သည့် အားလပ်ရက်ကာလ ခရီးသွားများဆွဲဆောင်ရန် အားပေးခဲ့သော်လည်း ယခုရက်ပိုင်း မည်သူ့ကိုမျှ ထိုဒေသမှ ထွက်ခွာခွင့်မပေးတော့ကြောင်း တရုတ်အာဏာပိုင်များက ယနေ့ ရုတ်တရက်ကြေညာပြီး တားမြစ်ခဲ့သည်။

“ဒေသခံများ၊ ခရီးသည်များနှင့် အခြားသူအားလုံးကို ဤဒေသမှ ထွက်ခွာခြင်း တားမြစ်ကြောင်း” ချောင်ကျားကျိမြို့ ကွန်မြူနစ်ပါတီ၏အာဘော် သတင်းစာထဲတွင် အသိပေးကြေညာထားသည်။

 Photo Credit - New York Time

ဘေဂျင်းမြို့တော်အပါအဝင် တရုတ်နိုင်ငံ၏အဓိကမြို့ကြီးများတွင် သန်းနှင့်ချီသော ပြည်သူများကို စစ်ဆေးနေပြီး လူနေအိမ်များ ပိတ်ထားလျက် ရောဂါစောင့်ကြည့်ခြင်း (Quarantine) လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။

တရုတ်နိုင်ငံ၌ ပြည်တွင်းကူးစက်ခံရသူ ၆၁ ဦးရှိကြောင်း ဩဂုတ် ၃ ရက်တွင် အစိုးရဘက်က သတင်း ထုတ်ပြန်ထားသည်။

 

Source: todayonline.com

 

#Wuhan

#Coronavirus

#China

#lockdown

#Covid19

#delta

#nucleic

#acid

#Quarantine

#CNImyanmar

#CNINews

#ChannelNewsIndepent