၂၀၂၁ ခုနှစ်၊ ဩဂုတ် - ၄

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ဩဂုတ် ၃ရက်၊ ည ၁၀နာရီခွဲတွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်စောနေစိုးမြသည် ကိုဗစ် - ၁၉ ရောဂါဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

“သူက သူ့လူမျိုး၊ သူ့အဖွဲ့အစည်း၊ သူ့လက်အောက်ငယ်သားတွေကို ချစ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ အလုပ် လည်း ကြိုးစားသူဖြစ်တယ်။ သူ့မှာက စစ်မှန်သော ငြိမ်းချမ်းရေးလိုလားသူ စောနေစိုးမြဆိုတဲ့ ဆောင်ပုဒ်တစ်ခု ရှိ တယ်။”ဟု သူ၏အနီးကပ်လုံခြုံရေးအရာရှိ အရာခံဗိုလ် စောဗီထူးက KIC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်စောနေစိုးမြသည် KNU ၏ ဥက္ကဌနှင့် စစ်ဦးစီးချုပ်တာဝန်ယူခဲ့သည့် ဗိုလ်ချုပ် ကြီးစောဘိုမြ(ကွယ်လွန်)နှင့် ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဋ္ဌဟောင်း ပဒိုနော်လားဖိုးတို့၏ သားသမီး ၇ဦး အနက် ခြောက်ဦးမြောက်ဖြစ်ပြီး သားအငယ်ဆုံးဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။