CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃ ရက်
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်းခံစားနေရသည့် မြန်မာနိုင်ငံထဲသို့ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်များမှ အရေးပေါ် တင်သွင်းခွင့်ကို သြဂုတ်လ ၂ ရက်မှ စတင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ကလေး-တမူးနယ်စပ် ကုန်သည်ကြီးများ အသင်း ဥက္ကဌဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
“တရားဝင်ခွင့်ပြုချက် ပေးပြီးဖြစ်တဲ့အကြောင်းကို စီးပွား/ကူးသန်းကလည်း အကြောင်းကြားပါတယ်။ မနေ့က စပြီးခွင့်ပြု လိုက်တာဖြစ်တယ်။ ကုန်သွယ်မှုကို ဖွင့်ပေးတာတော့ မဟုတ်ဘူး။ ကိုဗစ်နဲ့ ပတ်သက်တဲ့ ဆေးတွေ၊ ဘာတွေ တင်သွင်းလို့ ရအောင်ဖြစ်တယ်။ FDA ခွင့်ပြုချက်ပေးထားတဲ့ ပစ္စည်းတွေပဲ ဖြစ်တယ်။ အကိုက်အခဲပျောက်ဆေးလို ဓာတ်ဆားလို ဟာမျိုး တွေပေါ့။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားတဲ့ ဆေးပစ္စည်းတွေပေါ့။ ၈ မျိုးလောက်တော့ ရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို တင်သွင်းခွင့်ပြုရာ တွင်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တင်ပြရမည်ဖြစ်ပြီး တင်သွင်းခွင့်လျှောက်ထားရာတွင် ၃ ရက်ကြာမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာဘက်မှ တင်သွင်းလိုတဲ့ ဆေးကုမ္ပဏီအနေနဲ့ FDA မှ တင်သွင်းခွင့် အထောက်အထား အပြည့်အစုံကို ရရှိပါက အိန္ဒိယဘက်ကို တင်ပြရမယ်။ အထောက်အထားက ၆ မျိုးလောက်ရှိတယ်။ အိန္ဒိယဘက်က ကိုဗစ်နဲ့ ပတ်သက်တာတွေ တင်သွင်းဖို့အတွက် နံပါတ် ၁ နဲ့ ၂ ဂိတ်တွေကို ဖွင့်ပေးတာ ဖြစ်တယ်”ဟု ကုန်သည်လုပ်ငန်းရှင်လည်းဖြစ်သူ ဦးလှမောင်က ပြောသည်။
ဒေသခံကုန်သည်များအနေနှင့် ကုန်ပစ္စည်းများကို မြန်မာဘက်သို့ တင်သွင်းရန်အတွက် ဝယ်ယူရာတွင် အိန္ဒိယနိုင်ငံ မိုရေးမှ တဆင့် တင်သွင်းခြင်းဖြစ်ပြီး ကုမ္ပဏီများက တိုက်ရိုက်ဝယ်ယူခြင်းမျိုး မဟုတ်သည့် အတွက် ယင်းအခြေအနေများကိုလည်း တရားဝင်ဖြစ်စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မည်သို့ လုပ်ပေးနိုင်မည်ဖြစ်ကြောင်း စသည့် အချက်များကိုလည်း လက်ရှိတွင် တမူးဒေသခံကုန်သည်များက မျှော်လင့်နေသည်။
လက်ရှိ နယ်စပ်ဂိတ်များ ဖွင့်လှစ်ပေးခြင်းက ဆေးဝါးနှင့် ဆက်စပ်ဆေးပစ္စည်းများကို မြန်မာနိုင်ငံထဲသို့ တင်ပို့ရန် အတွက်သာ ဖြစ်ပြီး မြန်မာဘက်က သွင်းကုန်များကိုတော့ လတ်တလောကန့်သတ်ထားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်နယ်အစိုးရက အကြောင်း ကြားထားခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ မဏိပူရအစိုးရအနေနှင့် ပြီးခဲ့သည့် မတ်လ ၉ ရက်မှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် Tengnoupal ခရိုင်၊ မိုရေးမြို့ တစ်လျှောက်ရှိ Indo-Myanmar နယ်စပ်ဂိတ်ကို အကန့်အသတ်မရှိ ပိတ်ထားဆဲဖြစ်ပြီး ယခု ဂိတ်ပြန်လည် ဖွင့်လှစ်မှုက ပြည်နယ်အစိုးရအနေနှင့် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ဆေးပစ္စည်းများ တင်ပို့မှုအတွက်သာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် နေ့စဉ်ဆက်တိုက် မြင့်တက်နေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(MOHS) ထုတ်ပြန်ချက်အရ ယမန်နေ့ညက ဓာတ်ခွဲအတည်ပြုလူနာအသစ် ၃,၆၈၉ ဦး၊ ထပ်မံသေဆုံးသူ ၃၃၀ ဦးရှိခဲ့သောကြောင့် စုစုပေါင်း ယမန်နေ့အထိ Covid-19 အတည်ပြုလူနာ ၃၀၆,၃၄၅ ရှိခဲ့ပြီး သေဆုံးသူ ၁၀,၀၆၁ ဦး အထိ ရှိလာပြီဖြစ်သည်။
#Myanmar
#India
#IndoMyanmarFriendGate
#FDA
#MOHS
#Covid
#Trade
#CNINews
#CNIMyanmar
#ChannelNewsIndependent