CNI News

၂၀၂၁ခုနှစ်၊ သြဂုတ် ၃ရက်

ကိုဗစ်ကာကွယ်ဆေးအား လက်ရှိတွင် ကိုဗစ်သံသယလက္ခဏာရှိသူများနှင့် ကိုဗစ်အတည်ပြုလူနာဖြစ်ဖူးပြီး အတည်ပြုလူနာအဖြစ် ဓာတ်ခွဲစစ်ဆေးအတည်ပြုသည့်နေ့မှစ၍ ၆လမပြည့်သေးသူများ မထိုးနှံသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် COVIDSHIELD အပါအဝင် ကိုဗစ်ရောဂါကာကွယ်ဆေးတစ်မျိုးမျိုးအား ၂ကြိမ်အပြည့်ထိုးနှံပြီးသူများသည်လည်း လက်ရှိထိုးပေးနေသည့် ကာကွယ်ဆေးအား မထိုးနှံသင့်ကြောင်းသိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက “ကိုဗစ်ကူးစက်ပြီးရင် ၆လလောက်စောင့်ပါ။ အတည်ပြုလူနာပေါ့နော်။ ကိုယ့်ဘာသာကိုယ် ကိုဗစ်လို့ထင်ပြီး ပြန်ကောင်းသွားတဲ့လူနာကတော့ ကျွန်တော်တို့က ဒီထဲမှာတော့မပါဘူးပေါ့နော်။ ဒါပေမယ့် အဲ့လူတွေဆိုလည်း ကိုဗစ်ဆိုတာသေချာရင်တော့ ၆လထိတော့စောင့်လို့ရတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အတည်ပြုလူနာပဲပေါ့။ ကျွန်တော်တို့ ဒီ စစ်ဆေးပြီးတော့ RTP Positive ဖြစ်ပြီးတော့ အတည်ပြုလူနာတွေ ၆လလောက်စောင့်ပြီးတော့ ကျန်တဲ့လူတွေ အလှည့်ရအောင်လို့ပေါ့နော်။ သူတို့ခန္ဓာကိုယ်ထဲမှာလည်း ပဋိပစ္စည်းက ၆လလောက်အထိခံတယ်ပေါ့လေ” ဟု ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ထိုးနှံပေးနေသည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံမှဝယ်ယူထားသည့် Sinopharm၊ Sinovac ကာကွယ်ဆေးဖြစ်သည်။

ထိုကာကွယ်ဆေးသည် စုစုပေါင်း ၆သန်းရောက်ရှိမှာဖြစ်ပြီး လူဦးရေ ၃ သန်းအား ဦးစွာထိုးနှံပေးနိုင်မည်ဖြစ်ကာ လက်ရှိတွင် မြန်မာနိုင်ငံသို့ ၄ သန်းခန့်ရောက်ရှိပြီဖြစ်သည်။

ဒေါက်တာသန်းနိုင်စိုးက “နိုင်ငံကြီးတစ်နိုင်ငံရဲ့ သူ့ရဲ့ ရပ်တည်နေတဲ့အနေအထားတို့ မူဝါဒတို့ကို မကြိုက်တာနဲ့ ဒီဟာကို သူ့နိုင်ငံကထွက်တဲ့ပစ္စည်းတွေမကောင်းဘူးလို့ ပြောလို့မရဘူးပေါ့နော်။ ဥပမာဆို Iphone ပေါ့။ Apple product တွေ တစ်ကမ္ဘာလုံးမှာ ဈေးအကြီးကြီးတွေပေးပြီးတော့တောင် ဝယ်သုံးနေကြတယ်။ အားလုံးက made in ဘယ်မှာလဲဆိုတာ ထင်ရှားနေတယ်ပေါ့။ အဲ့လိုပဲ ဒီ Sinopharm တို့ Sinovac တို့ ကာကွယ်ဆေးတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အနေထားနဲ့ အသုံးပြုလို့ရတဲ့ဆေးတွေမှာ ထည့်ပေးလိုက်ပြီ။ သူ့ရဲ့ Roll ကအတူတူပဲ အခု Pfizer တို့ မော်ဒါးနားတို့ကို EUM list ထဲကို ထည့်ပေးလိုက်သလိုပဲ။ ဒီ Sinopharm နဲ့ Sinovac တို့က EUM List ထဲကို ပါသွားပြီ။ ပြီးတော့ တစ်ကမ္ဘာလုံးမှာလည်း နိုင်ငံပေါင်း ၇၀ကျော် ၈၀နီးပါးမှာ ထိုးတဲ့ဆေးရှိတယ်။ နိုင်ငံ ၃၊ ၄၀ လောက်မှာ ထိုးနေတဲ့ဆေးရှိတယ်။ ဒါတွေအကုန်လုံးကဘေးကင်းစိတ်ချမှုရှိတယ်။ အာနိသင်ထက်မြတ်မှုရှိတယ်။ အထူးသဖြင့် ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်။ ဒီလိုမျိုး တစ်ကမ္ဘာလုံးအသိအမှတ်ပြုနေတဲ့ ဆေးဝါးကို ဒီလိုမျိုးမကောင်းပြောတဲ့ဟာကတော့ စဉ်းစားချင့်ချိန်ကြည့်လို့ရတယ်ပေါ့နော်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ တတိယလှိုင်းအရှိန်ကြောင့် နေ့စဉ် ကူးစက်မှုနှုန်းသာမက သေဆုံးမှုနှုန်းပါ မြင့်တက်နေသည့်အတွက် ကိုဗစ်ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများအား ထိုးနှံပေးပြီးဖြစ်ကာ ယခုလက်ရှိတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အသက် ၆၅နှစ် နှင့် အထက်တို့အား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

#Covid
#DrThanSoeNaing
#Health
#Sinopharm
#Sinovac
#CovidShield
#CNINews
#CNIMyanmar
#ChannelNewsIndependent