CNI News
၂၀၂၁ ခုနှစ် ၊ဩဂုတ် ၆
ယခု ဩဂုတ်လ ၄ ရက်အထိ ရိုက်တာက ရရှိသည့်စာရင်းများအရ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ သန်း ၂၀၀ ကျော်သွားပြီဖြစ်ကြောင်းနှင့် ကူးစက်နှုန်း ပိုမြန်သော Delta ပုံစံကွဲပိုးကြောင့် ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကျဆင်ခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်ကို ကိုးကားလျက် သည်စထရိတ်တိုင်းမ်သတင်းစာက ဩဂုတ် ၅ ရက်နေ့က ရေးသားဖော်ပြသည်။
ချမ်းသာသည့်နိုင်ငံများနှင့် ဆင်းရဲသည့်နိုင်ငံများအကြား ကွာဟမှုကြောင့် ကမ္ဘာတစ်ဝန်းဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာစေခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏သုံးပုံတစ်ပုံခန့်တွင် ရောဂါကူးစက်နှုန်း အလျင်အမြန်တက်နေပြီး နိုင်ငံအများစုအနေဖြင့် ၎င်းတို့လူဦးရေ၏ထက်ဝက်ကိုပင် ပထမအကြိမ်ကာကွယ်ဆေး မထိုးနှံနိုင်သေးပေ။
(ဓါတ်ပုံ - The Economic Times)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က နိုင်ငံတိုင်းတွင် ၎င်းတို့လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ထိုးနှံမှုမပြီးမချင်း Covid-19 ကာကွယ်ဆေးမြှင့်တင်ရေးလုပ်ဆောင်နေမှုများ တရားဝင်ရပ်ဆိုင်းထားရန် ဩဂုတ် ၄ ရက်က တောင်းဆို ထားသည်။
(ဓါတ်ပုံ - CBS News)
“ကာကွယ်ဆေးအများစုကို ဝင်ငွေမြင့်တဲ့နိုင်ငံတွေကနေ ဝင်ငွေနည်းတဲ့နိုင်ငံတွေဆီ သွားတာများနေတဲ့အတွက် ဒါကို ကျနော်တို့ ပြောင်းပြန်လှန်ဖို့ လိုအပ်နေပါတယ်” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ရို့စ် အက်တနွန် ဂေဘရယ်ရက်စ်က ပြောသည်။
Delta အသွင်ပြောင်း ပုံစံကွဲ ဗိုင်းရပ်စ်ပျံ့နှံမှုသည် စီးပွားရေးဆိုင်ရာအယူအဆအားလုံးပေါ်တွင် မူတည်နေပြီး နောက်ဆုံးပေါ် ကိုရိုနာဗိုင်းရပ်စ်သည် လူများစု၊ အထူးသဖြင့် ကာကွယ်ဆေးမထိုးနှံရသေးသူများကို ယခင်ကထက် ပိုဖျားနာစေနိုင်သလားဆိုသည့်မေးခွန်းကို ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်များက ဖြေဆိုနိုင်ရန် ကြိုးစားနေကြကြောင်း ရိုက်တာသတင်းက ဆက်လက်ဖော်ပြသည်။
(ဓါတ်ပုံ - ရိုက်တာ)
ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကမ္ဘာ့လူဦးရေ၏အနည်းဆုံး ၂ ဒသမ ၆ ရာခိုင်နှုန်း ကူးစက်ခံခဲ့ရပြီး နေရာအတော်များများ၌ စမ်းသပ်စိစစ်နိုင်မှု အကန့်အသတ်ရှိနေတာကြောင့် ထိုကိန်းဂဏန်းထက်ပင် ပိုမို များပြားနိုင်သည်။
ကူးစက်ခံရသူအရေအတွက်ကို နိုင်ငံတစ်နိုင်ငံစာရှိသည့် လူဦးရေနှင့် တွက်ကြည့်မည်ဆိုလျှင် လူဦးရေအဋ္ဌမအများဆုံး နိုင်ဂျီးရီးယားနိုင်ငံပြီးလျှင် ပေါ်ထွက်လာမည့်အရေအတွက်မျှ ရှိလိမ့်မည်ဟု ရိုက်တာသတင်းဌာနက သုံးသပ်ပြသည်။
Source: Reuters, The Straits Times
#COVID-19
#ကိုဗစ်-၁၉
#Delta
#Reuters
#WHO
#CNINews
#CNIMyanmar
#ChannelNewsIndependent