CNI International News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၆

ဗီယက်နမ်သို့ နိုင်ငံခြားမှ ရောက်ရှိလာသူများကို မဖြစ်မနေသီးသန့်ခွဲထား၍ ရောဂါစောင့်ကြည့်မှု (Quarantine) ကာလကို ရက်သတ္တနှစ်ပတ်မှ ၇ ရက်အထိသာ နေရတော့မည်ဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ကြောင်း ရိုက်တာက ရေးသားဖော်ပြသည်။

ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော နိုင်ငံခြားသားဧည့်သည်များကို ယခုအခါ ၇ ရက်သာ Quarantine ဝင်စေမည်ဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်၌ ကြေညာချက်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

(ဓါတ်ပုံ - ABC News)

ပစ်မှတ်ထားစမ်းသပ်မှုနှင့် ဗဟိုမှထိန်းချုပ်သည့်အစီအစဉ်တို့ကို ကျင့်သုံးခဲ့သော ဗီယက်နမ်နိုင်ငံသည် ယမန်နှစ်က ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုနှစ် ဧပြီနှောင်းပိုင်းမှစ၍ ကူးစက်မှုပိုမြန်သော Delta အသွင်ပြောင်းပိုးကြောင့် ကူးစက်ခံရသူ များပြားလာခဲ့သည်။

ပြည်တွင်းသို့ ပြန်ဝင်လာသည့် ဗီယက်နမ်နိုင်ငံသားများ၊ နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံ သူများ၊ သံတမန်များမှလွဲ၍ နယ်စပ်ဂိတ်များအပါအဝင် ပြည်ပအဝင်အထွက်အားလုံးကို ပိတ်ထားခဲ့ပြီး ဗဟိုမှကွပ်ကဲသည့် သီးသန့်အဆောက်အဦများတွင် ၁၄ ရက် Quarantine ဝင်စေခဲ့သည်။

ဗီယက်နမ်အစိုးရသည် ဥရောပ၊ အမေရိကန်စီးပွားရေးဦးဆောင်သူများနှင့် ယခုနှစ်အစောပိုင်းတွင် ဆွေးနွေးပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရန် စည်းမျဉ်းတချို့ ဖြေလျော့ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

(ဓါတ်ပုံ -The Strait Times)

အစိုးရကြေညာချက်တွင် ကာကွယ်ဆေးထိုးနှံပြီး ပြည်ပမှရောက်လာသူများကို ၇ ရက်သာ စောင့်ကြည့်ခံရမည်ဟု ဖော်ပြထားသော်လည်း ၎င်းမူဝါဒအသစ် မည်သည့်အချိန်အသက်ဝင်မည်ကိုမူ ထည့်သွင်းကြေညာခြင်း မရှိသေး ပေ။

ဗီယက်နမ်နိုင်ငံတွင် ယခင်လက Covid-19 ကူးစက်ခံရသူ စုစုပေါင်း ၁၇၇,၈၀၀ ရှိပြီး ၂,၃၂၇ ဦး သေဆုံးခဲ့ကြောင်း၊ အများစုသည် ဟိုချီမင်းစီးတီးမှ ဖြစ်ကြောင်း စာရင်းပြုစုထားသည်။

(ဓါတ်ပုံ -AFP)

ဗီယက်နမ်၏ စီးပွားအချက်အချာဖြစ်သော မြို့တော်ဟနွိုင်းအပါအဝင် ဗီယက်နမ်တောင်ပိုင်းပြည်နယ်များနှင့် မြို့အတော်များများကို တင်းကျပ်စွာ ပိတ်ဆို့တားဆီးထားသည်။
စုစုပေါင်းလူဦးရေ ၉၈ သန်းရှိသော ဗီယက်နမ်နိုင်ငံတွင် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၄၄,၀၀၀ ရှိသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

 

Source: Reuters

 

#ဗီယက်နမ်

#covid19

#coronavirus

#delta

#စောင့်ကြည့်

#ကာကွယ်ဆေး

#Quaratine

#CNIMyanmar

#CNInews

#ChannelNewsIndependent