CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၇
COVID-19 ကပ်ရောဂါကာလအတွင်း မွေးကင်းစကလေးများကို ကူးစက်မှုနှင့်ဖျားနာမှုတို့ကနေ ကာကွယ်နိုင်ဖို့ မိခင်နို့ စတင်တိုက်ကျွေးရေး (သို့မဟုတ်) ဆက်လက်တိုက်ကျွေးကြပါရန် မိခင်တွေကို ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့(UNICEF)က တိုက်တွန်းအကြံပေးထားသည်။
မိခင်နို့မှတစ်ဆင့် Covid-19 ကူးစက်ခြင်းမျိုး ယနေ့အထိ မတွေ့ရသေးပေ။ မိခင်တွင် COVID-19 ကူးစက် ခံရသည်ဟု သံသယရှိလျှင်တောင် နို့တိုက်ခြင်းနှင့်အရေပြားချင်း ထိတွေ့ခြင်းလုပ်ဆောင်ဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) နှင့် UNICEF တို့က အကြံပြုထားသည်။ ကူးစက်မှုလျှော့ချနိုင်ရေးအတွက် မိခင်များအနေဖြင့် mask တပ်ရန်၊ လက်ကို စင်ကြယ်စွာဆေးရန်နှင့် ပိုးသတ်သန့်စင်ကာကွယ်ရန်တို့လည်း တစ်ဆက်တည်းမှာ အသိပေးထားသည်။
မိခင်နို့ရည်၏အကျိုးကျေးဇူးကြောင့် ကူးစက်နိုင်ခြေအလားအလာကို ကျော်လွှားနိုင်ကြောင်းနှင့် မိခင်နို့ရည်ထဲ ပါဝင်သည့် ပဋိပစ္စည်းများက COVID-19 ကူးစက်မှုကို ခုခံတွန်းလှန်နိုင်ကြောင်း အထောက်အထားများတွေ့ရသည်။
“မိခင်နို့တိုက်ခြင်းဟာ ကလေးကျန်းမာရေးနဲ့ အသက်ရှင်သန်ရေးအတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အခုလို COVID-19 ကပ်ရောဂါကာလအတွင်းလည်း အကောင်းဆုံး နည်းလမ်းအဖြစ် ဆက်ရှိနေပါတယ်။ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေ၊ ပဋိပစ္စည်းတွေ၊ ဟော်မုန်းတွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ မိခင်နို့ထဲ ပါဝင်လို့ ကလေးတွေရဲ့ခုခံအားစနစ်ကို မြှင့်ပေးပြီး ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်” ဟု ထိုင်းနိုင်ငံဆိုင်ရာ ယူနီဆက်ဖ်ကိုယ်စားလှယ် ကျိုစွန်းကင်မ်က ပြောသည်။
မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါသည်။ နို့ချိုတိုက်ကျွေးသောကလေးငယ်များသည် အရွယ်ရောက်သည်နှင့်အမျှ ကူးစက်ရောဂါဖြစ်နိုင်ခြေနည်းပါးပြီး ဉာဏ်ရည်ဉာဏ်သွေး IQ ပိုမြင့်မားနိုင်ကြောင်း သုတေသနများအရ သိရသည်။
မိခင်နို့တိုက်ကျွေးသည့်အလေ့အထသည် မိခင်နှင့်ရင်သွေးငယ်တို့အပေါ် ကိုယ်လက်ကြံ့ခိုင်သန်မာစေပြီး မိခင်အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာတို့ကို ဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပါသည်။
WHO နှင့် ယူနီဆက်ဖ်တို့အဆိုအရ ထိုင်းနိုင်ငံရှိ ကလေးသူငယ်များသည် အသက် ပထမခြောက်လအတွင်း မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် အကောင်းဆုံးကျန်းမာရေးနှင့်ဖွံ့ဖြိုးမှုအတွက် ကောင်းစွာ အထောက်အကူပြုကြောင်းကို တွေ့ရှိရသည်ဟု သိရသည်။ ထိုင်းအမျိုးသားစာရင်းအင်းရုံးနှင့် ယူနီဆက်ဖ်တို့က ၂၀၁၉ ခုနှစ် ဘက်စုံညွှန်ကိန်းအစုလိုက်သုတေသနစစ်တမ်းကောက်ယူခဲ့ရာ ကလေးအသက် ပထမခြောက်လ အတွင်း ၁၄ ရာခိုင်နှုန်းသာ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခံရကြောင်း တွေ့ရှိရသဖြင့် ၂၀၁၆ ခုနှစ်က ၂၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် သိသိသာသာကျဆင်းသွားသည်။
ထိုင်းနိုင်ငံ၌ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးမှုနှုန်းသည် ဒေသတွင်း အနိမ့်ဆုံးတစ်နေရာသာရှိသေးသဖြင့် ယူနီဆက်ဖ်အနေဖြင့် ထိုင်းအစိုးရနှင့် စီးပွားရေးလုပ်ငန်းအပေါ် မိခင်နို့တိုက်ကျွေးမှုမြှင့်တင်ရေးအတွက် တောင်းဆိုထားသည်။
Source: Bangkok Post
#မိခင်
#ထိုင်းနိုင်ငံ
#Covid-19
#ကိုဗစ်-၁၉
#CNINews
#CNIMyanmar
#ChannelNewsIndependent