CNI News
၂၀၂၁ခုနှစ်၊ ဩဂုတ် ၇ရက်
ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတသမားများအား ဖမ်းဆီးမှုများမရှိစေရန်အတွက် စိစစ်ရေးကဒ် ထုတ်ပေးမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က"စေတနာရှင် တစ်ယောက်ချင်း တစ်ယောက်ချင်းကို စိစစ်ရေးကဒ်ထုတ်ပေးပါမယ်။ မြို့နယ်အလိုက် ထုတ်ပေးမယ်။ပြီးရင် သူတို့ရဲ့ လူနာတင်ယာဉ် ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲရတဲ့ကားဖြစ်ဖြစ် လူနာတင်ယာဉ်အဖြစ်သုံးမယ်ဆိုရင် ကျနော်တို့ အချိန်အကန့်အသတ်နဲ့ ပေးပါ့မယ်။ ဒါကလည်း ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေ ခွင့်ပြုပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ တကယ်လည်း သက်စွန့်ကြိုးပမ်း ဆောင်ရွက်တယ်။ ကိုယ်ကျိုးမငဲ့ဘဲဆောင်ရွက်တယ်။ ပြီးရင် စေတနာရှင်တွေ သူတို့ကို ကဒ်တွေပေးမယ် "ဟု ဆိုသည်။
အဆိုပါစိစစ်ရေးကဒ်ပြားရှိပါက ဖမ်းဆီးခြင်းမျိုးမရှိကြောင်းနှင့် ဖမ်းဆီးခြင်းမျိုး မဖြစ်စေရကြောင်း ဦးအောင်ထွန်းခိုင်က ဆက်ပြောသည်။
ထိုစိစစ်ရေးကဒ်ပြားရရှိနိုင်ရန် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းများအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးရုံး များသို့ ဆက်သွယ်ကြရန် လိုအပ်ကြောင်း သိရသည်။
ပုံစာ(၂) - စေတနာရှင်ပရဟိတ လူငယ်တစ်ဦး ကိုဗစ်လူနာအား ဆေးကုသပေးနေစဉ်(ဓါတ်ပုံ - CNI)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က "တစ်ခုပဲရှိတာပေါ့နော် ဒီချိန်မှာက လုံခြုံရေးကလည်း အရေးကြီးတဲ့အတွက် စစ်ဆေးတော့ စစ်ဆေးမှာပါ။ စစ်ဆေးတဲ့အခါ ခုနက ကျနော်ပြောတဲ့ ကဒ်တွေပြလာမယ်။ ကျနော်တို့နဲ့ ချိတ်ဆက်ထားတဲ့ဟာပြရင် တယ်လီဖုန်းနဲ့ ဘယ်လိုဖြစ်နေတယ်ဆို ဖြေရှင်းမှာပါ။ ကျနော်တို့ on call အမြဲရှိပါတယ်။ ကျနော်တို့ တာဝန်ခံတွေ တိုင်းအလိုက် လူမှုဝန်ထမ်း တိုင်းဦးစီးမှူးတွေကိုလည်း မှာထားပြီးဖြစ်ပါတယ်။ နောင်မဖြစ်စေရပါဘူး။ ကျနော်တို့ ဝင်ရောက်ဖြေရှင်းပေးပါမယ်။ ခုနက ကဒ်တွေလည်း ထုတ်ပေးပါမယ်" ဟု ပြောသည်။
ထိုသို့ စိစစ်ရေးကဒ်ပြားပေးသည့်အခါတွင် ထဲထဲဝင်ဝင်ဆောင်ရွက်ရန်နှင့် မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)မှ ကိုဝေဖြိုးအောင်က CNI သို့ပြောသည်။
စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)မှ ကိုဝေဖြိုးအောင်က “အဲ့ဒါဆိုရင်တော့ နေ့နေ့ ညည လုပ်ရတဲ့ volunteer တွေအတွက် အဆင်ပြေတာပေါ့။ တရားဝင်လုပ်လို့ရတာပေ့ါ။
ခုက ကိုယ်တို့ ညဘက်တွေသွားတယ်ဆိုရင် လမ်းကြောင်းသွားလို့ရှိရင် ကားတွေရပ်ပေးပြီးတော့ စစ်ဆေးခံရတယ်။ အဲ့လို လုပ်ပေးလိုက်တဲ့အခါမှာ တော့ လူနာတွေကို လွယ်လွယ်ကူကူပို့လို့ရတာပေါ့။ မွေးလူနာတွေရှိမယ် အရေးပေါ် အသက်ရှူကြပ်လို့ ဆေးရုံသွားရမယ့်လူနာတွေရှိတယ်ပါ့။ အဲ့လိုလူနာတွေကို သွားပို့တဲ့အခါမှာ အဲ့ကဒ်ပြားလေးပြလိုက်တာနဲ့ ပြီးပြီပေါ့” ဟု ဆိုသည်။
ကိုဗစ်တတိယလှိုင်းအတွက် လက်ရှိတွင် ပရဟိတအဖွဲ့အစည်း ၈၄၄ ခု၊ စေတနာ့ဝန်ထမ်း ၈၄၇၆ ဦးတို့ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#ကိုဗစ်-၁၉
#တတိယလှိုင်း
#လူမှုဝန်ထမ်းကယ်ဆယ်ရေး
#စေတနာ့ဝန်ထမ်း
#CNINews
#CNIMyanmar
#ChannelNewsIndepentdent