CNI News

၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၃

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင် ရှစ်သောင်း‌ကျော်အား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဆိုသည်မှာ မဟုတ်ကြောင်းနှင့် AA အပါအဝင် ဒေသခံများအား ထိုးနှံပေးမည်သာဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာစိုးဝင်းပိုင်က “AA တပ်ဖွဲ့ဝင်တော့ မဟုတ်ပါဘူး။ ဒါက ရွာတွေမှာ ထိုးတာပါ။ ပြည်သူလူထုပါတယ်ပေါ့နော်။ ဟုတ် တယ် ဟုတ်တယ် (AA နဲ့ ပြည်သူလူထု ပေါင်းပြီး ထိုးနှံမယ့် အရေအတွက်)။ ဝေးလံခက်ခဲတဲ့ နေရာမှာရှိတဲ့ ပြည်သူလူထုတွေ ပါ။ မှားတယ် မှားတယ် (AA တပ်ဖွဲ့ဝင် ရှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်ဆိုတာ)” ဟု ဆိုသည်။

AA တပ်ဖွဲ့ဝင်များနဲ့ဒေသခံများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေစဉ်(CJ)

ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် AA နှင့် နစကတို့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၉ ရက်နေ့က စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား CNI သတင်းဌာနမှ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။

လက်ရှိ ထိုးနှံပေးနေသည့် ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေခြင်းဖြစ်ပြီး ကိုဗစ် ကာကွယ်ဆေး ထိုးနှံပြီးသူ ဦးရေမှာ ၅၀၀၀(ငါးထောင်)ကျော်ရှိကြောင်း AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းဌာန တစ်ခုတွင် ပြောထားသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် သတ်မှတ်အုပ်စု ၁၆ အုပ်စုရှိကာ အဆိုပါအုပ်စုထဲမှာ AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် EAO များလည်း ပါဝင်သည်။