၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron အား ပြည်တော်ပြန်များထဲတွင်သာ တွေ့ရှိနေရသေးကာ Omicron သည် Delta ထက် ကူးစက်မှုနှုန်းပိုမြန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ သန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

Omicron သည် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် လူများတွင် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မတွေ့ရ သော်လည်း ရောဂါအခံရှိသူများတွင်မူ ရှိနေသည့်ရောဂါအခံမှာ ပိုဆိုးလာကြောင်း ၎င်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက“ဆီးချိုရှိတဲ့သူက ဆီးချိုနည်းနည်း ပိုတက် တာမျိုး၊ အသက်ရှူလမ်းကြောင်း ရောဂါအခံရှိတဲ့သူက အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာ ပြန်ပြတာ မျိုးပေါ့။ ကူးစက်မှုနှုန်းအားဖြင့်ဆိုရင်တော့ Omicron က ပိုမြန်တယ်။ ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားတဲ့နှုန်း ပေါ့နော်။ အောက်ဆီဂျင်တွေကျတယ်၊ အသေအပျောက်တွေများတယ်ဆိုတဲ့ ကိစ္စကတော့ delta မှာ အများကြီး တွေ့ခဲ့ရတာပေါ့။ ဒါပေမယ့်လည်း Omicron မှာ လျော့တွက်လို့မရတာက သူက ကူးစက်မှုနှုန်းမြန်တဲ့အခါ လူတွေ အများကြီး အများကြီး ဆက်တိုက်ဆိုသလို ဖြစ်သွားတယ်။ ဖြစ်သွားတဲ့အချိန်မှာ တစ်ဖက်က ဆေးရုံတက်ရတဲ့ သူတွေကလည်း များလာတယ်။ သေဆုံးတဲ့သူတွေလည်း ထိုင်းတို့ ဘာတို့မှာ စတွေ့နေပြီပေါ့နော်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် အသက်သေစေနိုင်တဲ့ရောဂါလက္ခဏာတစ်ခုဖြစ်လို့ လျော့မတွက်ဖို့နဲ့ ကာကွယ်ရေးနည်းလမ်း တွေကို လိုက်နာဖို့ တိုက်တွန်းနေရတာဖြစ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း Omicron အား ဒီဇင်ဘာ ၂၈ ရက်နေ့က ပြည်တော်ပြန် ၄ ဦးတွင် စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Omicron ၏ ရောဂါလက္ခဏာသည် အ‌ပျော့စားတုပ်ကွေး၏ ရောဂါလက္ခဏာနှင့်ဆင်တူကာ တုပ်ကွေးထက် အများကြီး ပိုဆိုးကြောင်းနှင့် ၎င်း၏ သံသယလက္ခဏာများမှာ ခန့်မှန်းရခက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ဒေါက်တာသန်းနိုင်စိုးက “ခွဲခြားရလည်း တော်တော်လေးခက်တယ်။ အထူးသဖြင့် အနံ့ပျောက်တာတို့ အောက်ဆီဂျင်အရမ်းကျတာတို့ အသက်ရှူကြပ်တာတို့တော့ တော်တော်ကြီးကိုတွေ့ရတာ နည်းတယ်ပေါ့၊ delta ထက်စာရင်လေ။ အဓိကကတော့ လည်ချောင်းနာတာပေါ့။ နောက်ပြီးတော့ နုံးတယ်၊ အဆစ်အမြစ်တွေ ကိုက်ခဲ တယ်၊ ဖျားချင်သလို တုပ်ကွေးဖြစ်ချင်သလို အဲ့လိုမျိုးလက္ခဏာပေါ့။ အပျော့စားတုပ်ကွေးရဲ့လက္ခဏာတွေ ပြတာပေါ့။ နောက်အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပြဿနာပေါ့။ ချောင်းဆိုးတဲ့ဟာ လည်ချောင်းနာ တဲ့ဟာ၊ နှာရည်ယိုတဲ့ဟာ ဒါမျိုးလေးတွေ အဓိကပြတယ်။ ခေါင်းကိုက်တာတို့ တစ်ကိုယ်လုံးနုံးပြီးတော့ အားမရှိတာတို့ပေါ့။ ဒါပေမယ့် သိသာတဲ့အချက်ကတော့ ကိုယ်နဲ့ပတ်ဝန်းကျင်မှာ positive ဖြစ်တဲ့လူနဲ့ ထိတွေ့ ခဲ့တယ်ပေါ့။ ပြီးတဲ့ခါ ကိုယ့်မိသားစုထဲမှာလည်း ကိုယ်ဖြစ်တယ်ဆိုတာနဲ့ ခနနေ မိသားစုကလူတွေ တစ်ယောက်ပြီး တစ်ယောက်ဆက်ဖြစ်တယ်ပေါ့”ဟု ဆိုသည်။

မိမိတို့မိသားစုတွင် ထိုသို့ ရောဂါလက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာနသို့ အကြောင်းကြားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဇန်နဝါရီ ၂၄ ရက် ညပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်မျိုးရိုးဗီဇပြောင်း Omicron ပိုးတွေ့ရှိသူဦးရေမှာ ၁၈၃ယောက် ရှိပြီဖြစ်ကာ ပြည်တော်ပြန်များနှင့် နိုင်ငံခြားသားများသာဖြစ်ပြီး ထိုလူနာများ အား ဆေးရုံတွင် ပျမ်းမျှအားဖြင့် ၂ ပတ် ဆေးကုသမှုခံယူစေကြောင်းနှင့် ပြည်တွင်းတွင် Omicron ကူးစက်ခံရသူ မရှိသေးကြောင်း သိရသည်။