CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကူးစက်မှု ပြန်လည် ဖြစ်ပွားလာခြင်းနှင့်အတူ အိုမီခရွန်ရောဂါ ကူးစက်မှုလည်း ဖြစ်ပွားနေခြင်းကြောင့် လူမှုကူညီရေး အသင်းအဖွဲ့များက ကူးစက်မှုနှုန်း များပြားလာပါက အချိန်နှင့်တပြေး ညီ ကူညီပေးနိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားကြောင်း သိရသည်။

ထိုသို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် တကိုယ်ရည်ကာကွယ်ရေးဝတ်စုံ PPE၊ လက်အိတ်နှင့် နှာခေါင်း စည်းများ လိုအပ်ချက်အပြင် လတ်တလော စက်သုံးဆီဈေးနှုန်း မြင့်တက်နေများကြောင့် သွားလာရေး အတွက် အခက်အခဲဖြစ်နေသည်ဟု စေတနာရှင် ပရဟိတလူမှုကူညီရေးအသင်းမှ ကိုဝေဖြိုးက CNI သတင်း ဌာနသို့ ပြောသည်။

“လောလောဆယ်မှာတော့ ကျနော်တို့က လူနာတွေ ဖြစ်နှုန်း ရှိလာတယ်။ အခုလည်း ဖျားနာကုသစင်တာ ရှိတယ် ကျနော်တို့ဆီမှာ တစ်ပတ်ကို ၃ ရက်ပေါ့။ ဖျားနာကုသစင်တာ ရှိတယ်ဆိုတာက ဖျားနာတဲ့ လူနာတွေပေါ့နော် ဖျားနာလူနာတွေကို ကုပေးဖို့အတွက် နောက်ပြီးတော့ နှာခေါင်းတို့ဖတ်စစ်တဲ့ ကိုဗစ်စစ်တဲ့အရာတွေလည်း ကျနော်တို့ဆီမှာ ရှိတယ်။ နောက်ပြီးတော့ အောက်စီဂျင်စက်တွေပေါ့ အောက်စီဂျင်ပေးဖို့ ကူညီဖို့အတွက်ကိုလည်း ဆောင်ရွက်ထားပါတယ်ခင်ဗျ။

လက်ရှိမှာ ကျနော်တို့အတွက်ကတော့ အခက်အခဲက နှစ်ခု ရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ PPE တွေ၊ လက်အိတ်တွေ၊ နှာခေါင်းစည်းတွေ အဲဒါတွေ လိုလာတယ်ပေါ့နော်။ နောက်တစ်ခုက ကျတော့ ဆီဖိုးပေါ့။ အခုဆီဖိုးက ဒီနေ့ဆိုရင်ပဲ ၁၆၂၅ ကျပ် ဖြစ်သွားပြီ။ ကျနော်တို့မှာ ပရဟိတအသင်းတွေက လည်း အလှူငွေတွေ ပြန်ပြီးတော့ ကူနေရတာဆိုတော့လေ အဓိကကတော့ ဆီဖိုး အလှူငွေ အလှူရှင်တွေပေါ့ နောက် PPE အတွက် ဒီကလူတွေအတွက် အလှူရှင်တွေ လိုအပ်တယ်ခင်ဗျ” ဟု ဆိုသည်။

ဒါ့အပြင် ပြီးခဲ့သည့် ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းများတွင် တချို့သော စက်သုံးဆီဆိုင်များက လူမှုကူညီရေးအသင်းအဖွဲ့ကားများ ဆီဖြည့်သည့်အခါတွင် လှူဒါန်းမှုများ ရှိခဲ့သော်လည်း ယခုတွင် မရှိတော့ ကြောင်း သိရသည်။

ယခုအချိန်တွင် လူမှုကူညီရေးအသင်းအဖွဲ့များထံသို့ အလှူငွေ လာရောက်ထည့်ဝင်သည့် အလှူရှင်များ ယခင်က ထက် လျော့နည်းလျက်ရှိနေပြီး လူနာပို့ဆောင်ရာတွင်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုကြောင့် အဆင် မပြေမှုများ ရှိနေကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအသင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုမျိုးဇော်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

“အဓိကက ကျနော်တို့ကားတွေက ဆီဖိုးပေါ့။ ဆီဈေးကလည်း သိတဲ့အတိုင်း ၁၆၀၀ ကျော်လောက် ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့ တစ်ကြောင်းသွားရင် အနည်းဆုံး တစ်သောင်း၊ တစ်သောင်းခွဲဝန်းကျင်လောက် ကုန် တယ်။ PPE ကတော့ မြို့နယ်က ထောက်ပံ့ပေးတာပေါ့။ ဆီဖိုးကတော့ ကျနော်တို့က အခက်အခဲ ရှိတယ်ဗျ။ ကျနော်တို့ ပရဟိတကလည်း အလှူရှင်နဲ့ သွားရတာဆိုတော့ အလှူရှင် ရှိမှသာလျှင် ကျနော်တို့က သွားနိုင် တာပေါ့။ အရင်ကတော့ အလှူရှင် ရှိတာပေါ့။

အခုကလည်း စီးပွားရေးက သိတဲ့အတိုင်း အလှူရှင်က နည်းနည်း လျော့လာတယ်ပေါ့။ အလှူရှင် ရှိရင်တော့ အဆင်ပြေပြေနဲ့ ကျနော်တို့ ပရဟိတ ဆက်လုပ်နိုင်တာပေါ့။ အလှူရှင်မရှိတော့ နှစ်ကြောင်းဆွဲရမယ့်နေရာမှာ မျှပြီးတော့ အဲလိုမျိုးလေး သွားရတယ်။ ကျနော်တို့က အသင်း ၁၆ သင်း မျှထားတာဆိုတော့ အဆင်ပြေတဲ့အသင်း ဘတ်ဂျက်တောင့်တဲ့အသင်းကိုသုံး အကြိမ်ရေများများ သူက ထွက်ပေး။ ဘတ်ဂျက်နည်းတဲ့အသင်းကျတော့လည်း သူက တစ်ကြိမ် နှစ်ကြိမ်ထွက်ပေါ့။ အဲလိုမျိုး ကျနော်တို့ စီမံထားတယ်” ဟု ပြောသည်။

လက်ရှိ လူနာပို့ဆောင်ရာတွင် လူမှုကူညီရေး အသင်းအဖွဲ့များ၌ ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ကူညီဖြေရှင်းပေးဖို့ ရှိမရှိကို ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ကျန်းမာရေးကတော့ တိုက်ရိုက် အဲလိုထောက်ပံ့ဖို့တော့ ဘတ်ဂျက် တော့ မရှိဘူးပေါ့နော်။ ဒါပေမယ့်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ တုံ့ပြန်ရေးကော်မတီတွေ၊ လူမှုရေးအသင်းတွေ၊ အလှူရှင်တွေ ဒါတွေကတော့ သူတို့ လမ်းကြောင်းတွေ ရှိပါတယ်။ သူတို့မှာလည်း ချိတ် ဆက်တဲ့ လမ်းကြောင်းတွေ။ ကျနော်တို့ကျတော့ တိုက်ရိုက်ပေးတာတော့ ခက်တယ်ပေါ့လေ။

ဒါကတော့ ကျနော် တို့လည်း နိုင်ငံတော်ဘဏ္ဍာကို သုံးစွဲရတဲ့ဌာန ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့က ကြိုတင်ပြီးတော့ ခွင့်ပြုချက် မရှိတဲ့ဟာတွေ ဒီငွေက သုံးစွဲလို့ မရဘူးပေါ့နော်။ အဲဒါတော့ ရှိတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ကူးစက်တွေ့ရှိမှုမှာ ယခုရက်ပိုင်းတွင် များပြားလာပြီး ပြည်တွင်းကူးစက်မှုများလည်း ဖြစ်ပေါ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဒါ့အပြင် ပြီးခဲ့သည့် ရက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် ကိုဗစ်- ၁၉ ကူးစက်ခံထားရသည့် လူနာများ စစ်ဆေးတွေ့ရှိခဲ့ပြီး အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူများကိုလည်း တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များမှ သိရသည်။